နန်းဆုပန်ခန့်
ဇူလိုင် ၂၇၊ ၂၀၂၄။
ထိုင်းရောက်မြန်မာများ မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် – CI ကို ပြုလုပ်စရာမလိုဘဲ ပန်းရောင်ကဒ်တစ်မျိုးတည်းဖြင့် ထိုင်းနိုင်ငံအတွင်း နေထိုင်နိုင်ရေး ထိုင်းအစိုးရအဖွဲ့အစည်းတစ်ချို့ဖြင့်ဆွေးနွေးခဲ့သည်ဟု မြန်မာ ပြည်သားများအရေးပူးတွဲလှုပ်ရှားမှုကော်မတီအဖွဲ့ ဥဣဌ ဦးမိုးကြိုးက သံလွင်ခက်ကိုပြောသည်။
ပြီးခဲ့သည့် ဇွန်လပိုင်းက ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအတွက် CI စာအုပ်ထုတ်ပေးရေးစင်တာ ရှစ်ခု အားပိတ်သိမ်းခဲ့ပြီးနောက် ပန်းရောင်ကဒ်တစ်မျိုးတည်းဖြင့် နေထိုင်ခွင့်ရရန်ရွှေ့ပြောင်းမြန်မာလုပ်သားများအဖွဲ့မှ ကြိုးစားနေခြင်းဖြစ်သည်။
ယင်းဆွေးနွေးမှုကို ထိုင်းလူ့အခွင့်အရေးရှေ့နေများကောင်စီ၊ ထိုင်းဥပဒေပြုကောင်စီ၊ ထိုင်းအလုပ်သမားသမဂ္ဂစသည့် အဖွဲ့အစည်းများဖြင့် ရွေ့ပြောင်းမြန်မာလုပ်သားများအစုအဖွဲ့မှ ပြီးခဲ့သည့် ဇူလိုင်ဒုတိယအပတ်ထဲတွင် ပြုလုပ်ခဲ့သည်ဟု ဦးမိုးကြိုးက ဆက်ပြောသည်။
ထိုင်းအစိုးရမှ နိုင်ငံအတွင်း အထောက်အထားမရှိ ရောက်လာသူများအား သတ်မှတ်ကာလအတွင်း ပန်းရောင်ကဒ်ပြုလုပ်ခွင့်ပေးထားပြီး ယင်းမှတစ်ဆင့် CI ပြုလုပ်ခွင့်ပေးခဲ့သည်။
သို့သော် ပန်းရောင်ကဒ်ပြုလုပ်နေထိုင်ခြင်းတွင်လည်း ခရိုင်တစ်ခုတည်းသာ သွားလာခွင့်ရှိနေပြီး တခြားခရိုင်များသို့ သွားလာရန် ခွင့်ပြုချက်များရယူနေရသည့် ကန့်သတ်ချက်များရှိနေသေးသည်ဟု ဦးမိုးကြိုးက ရှင်းပြသည်။
“ပန်းရောင်ကဒ်ပြီးရင် အလုပ်လုပ်ချင်တဲ့သူကတော့ အလုပ်လုပ်ခွင့် လုပ်ဆက်လုပ်ပေါ့။ အခုလို ပန်းရောင်ကဒ် တစ် မျိုးတည်းဆိုရင် ၈၅ ရာခိုင်နှုန်းကတော့ ကိုယ့်အတွက်ကောင်းမယ်။ ၁၅ ရာခိုင်နှုန်း လွတ်လွတ်လပ်လပ်သွားလာခွင့်က တော့ အကန့်အသတ်ဖြစ်သွားမှာပေါ့” ဟု ၎င်းက ဆိုသည်။
ထိုင်းနိုင်ငံတွင် အခုနှစ်ပိုင်းအတွင်း မြန်မာပြည်သား ၇ သန်းနီးပါးရှိသည်ဟု ထိုင်းမီဒီယာအစုအဖွဲ့က ဖော်ပြထားသည်။
ပုံစာ – ချင်းမိုင်မြို့တွင် CI လုပ်ရန် စောင့်ဆိုင်းနေသည့် မြင်ကွင်း (ပုံအဟောင်း)။