သံလွင်ခက်။
ဇူလိုင် ၂၇ ၊ ၂၀၂၄။
ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်အတွင်းက ရေဘေးသင့် ဒေသခံများအတွက် အရေးပေါ်လူသားခြင်းစာနာထောက် ထားမှုဆိုင်ရာ အကူအညီများလိုအပ်လျက်ရှိသည် ကရင်အမျိုးသားအစည်းအရုံး- KNU က ယနေ့တွင် ထုတ်ပြန်သည်။
ညောင်လေးပင်ခရိုင် (ခလယ်လွီထူခရိုင်) တွင် နေရာအနှံ့အပြားတွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မုန်းမြို့နယ်မှ ကျေးရွာ ၉ ရွာ၊ ရွှေကျင်မြို့နယ်မှ ကျေးရွာ ၈ ရွာနှင့် ကျောက်ကြီးမြို့နယ်မှ ၆ ရွာတွင် ရေကြီးရေလျှံမှုများဖြစ်ပေါ် လျက်ရှိပြီး အခြေခံစားနပ်ရိက္ခာ၊ ဆေးဝါးနှင့် နေထိုင်ရန်အမိုးအကာများ အရေးပေါ်လိုအပ်လျက်ရှိသည်ဟု KNU က ထုတ်ပြန်ထားသည်။
လတ်တလောတွင် ဒေသခံများအနေဖြင့် ဘေးလွတ်ရာသို့ တိမ်းရှောင်နေထိုင်နေကြရကာ နေရာအနှံ့အပြားတွင် ရေများအဆက်မပြတ်မြင့်တက်လာပြီး လမ်ပန်းဆက်သွယ်မှုအခက်အခက်ကြောင့် စာရင်းအတိအကျကောက်ခံနိုင်ရန် ကြန့်ကြာလျက်ရှိသည်ဟု KNU ၏ ထုတ်ပြန်ချက်အရ သိရသည်။
ထို့အပြင် ရေကြီးရေလျှံမှုများကြောင့် ပြည်သူလူထုများစိုက်ပျိုးထားသောလယ်ယာများ၊ လမ်းတံတားများ၊ ပြည်သူလူထုပိုင်ဆိုင်သော ပစ္စည်းဥစ္စာများ ပျက်စီးဆုံးရှုံးခဲ့ကြရသည့်အပြင် ကျောက်ကြီးမြို့နယ် (လယ်ဒိုမြို့နယ်) လယ်ဝါးကျေးရွာအတွင်း၌ လေပြင်းမုန်တိုင်းတိုက်ခတ်မှုကြောင့် လူနေအိမ်အမြောက်အများ ထိခိုက်ပျက်စီးခဲ့ရသည်ဟု KNU က ထုတ်ပြန်ထားသည်။
ဓါတ်ပုံ − ခလယ်လွီထူခရိုင်အတွင်း သဘာဝဘေးအန္တရယ်ကျရောက်မှု အခြေအနေအား မြင်တွေ့ရသည့် ပုံရိပ်များ။