ယင်းဓာတ်ပုံများသည် ဝါဒဖြန့်မှုသာဖြစ်သည်ဟု စစ်ကောင်စီ ဆို
သံလွင်ခက်။
ဇူလိုင် ၂၇ ၊ ၂၀၂၄။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိးမြို့ရှိ စစ်ကောင်စီ၏ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တပ်စခန်းများကို သိမ်းပိုက်ပြီးနောက် အဆိုပါစခန်းများရှေ့၌ အောင်ပွဲခံခဲ့သည့် ဓာတ်ပုံများကို MNDAA က ယမန်နေ့တွင် ထုတ်ပြန်ထားသည်။
ယင်းထုတ်ပြန်ချက်သည် ဝါဒဖြန့်မှုတစ်ခုသာဖြစ်သည် စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ယမန်နေ့က စစ်ကောင်စီလက်ခံအောက် ရုပ်သံများမှ တစ်ဆင့် ပြောဆိုခဲ့သည်။
MNDAA တပ်အနေဖြင့် မြို့တွင်းရှိ စစ်ကောင်စီရုံးစိုက်ရာနေရာအများစုရှေ့တွင် အရပ်ဝတ်ဖြင့် ဝင်လာပြီးနောက် ယူနီဖောင်းလဲကာ ဓာတ်ပုံရိုက်ခဲ့ခြင်းဖြစ်သည် ၎င်းက ဆိုသည်။
သို့သော် လက်ရှိတွင် MNDAA ဦးဆောင်သည့် မဟာမိတ်တပ်ဖွဲ့များသည် လားရှိုးမြို့အခြေစိုက် အရှေ့မြောက်တိုင်း စစ်ဌာနချုပ် (ရမခ)၊ ခလရ ၄၁ ၊ ရဲစခန်းအမှတ်- ၉၅၉ ဆောက်လုပ်ရေးတပ်ခွဲများအပြင် မြို့တွင်းရှိ စစ်ကောင်စီရုံးစိုက်ရာနေရာ အများစုကို သိမ်းပိုက်ထားနိုင်ခဲ့သည်။
၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းအတွင်း လားရှိုးမြို့ကို ၂၃ ရက်ကြာ တိုက်ပွဲများဖြစ်ပွားပြီးနောက် MNDAA တပ်မတော်က လားရှိုးမြို့ရှိ အရှေ့မြောက်တိုင်း၊ စစ်ဌာနချုပ်ကို ဇူလိုင် ၂၅ ရက် နံနက် ၄ နာရီတွင် သိမ်းပိုက်နိုင်ခဲ့သည်။
ထို့အပြင် လားရှိုးမြို့သည် လုံးဝလွတ်မြောက်သွားပြီဖြစ်သည့်အတွက် မြို့၏အုပ်ချုပ်ရေးယန္တရားကို အထူးဒေသ- ၁ အုပ်ချုပ်ရေးကော်မတီကလည်းကောင်း၊ မြို့နယ်လုံခြုံရေးကို အထူးဒေသ- ၁ ရဲတပ်ဖွဲ့ကလည်းကောင်း မြို့နယ် ကာကွယ်ရေးကို MNDAA က လည်းကောင်း ဆောင်ရွက်သွားမည်ဟု ထုတ်ပြန်ထားသည်။