ယမင်းဖူးပွင့်အောင်
ဇူလိုင် ၂၄၊ ၂၀၂၄။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ရှိ စစ်ကောင်စီခြေလျင်တပ်ရင်း ခလရ-၄၁ စစ်ကြောရေးအတွင်းရှိ ဖမ်းဆီးခံရသူတစ်ချို့လွတ်မြောက်လာသည်ဟု ဒေသခံတစ်ချို့ထံက သိရသည်။
ယမန်နေ့ နေ့လည်ပိုင်းတွင် မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်- MNDAA က ခလရ- ၄၁ ကို သိမ်းပိုက်ခဲ့ပြီးနောက် ဖမ်းဆီးခံရသူများထဲမှ လေးဦးကို အတည်ပြုနိုင်ကြောင်း ဒေသခံတစ်ဦးက သံလွင်ခက်ကို ပြောသည်။
“ဘယ်နှစ်ယောက်လွတ်လာလဲဆိုတာ တိတိကျကျတော့မသိဘူး။ လေးယောက်တော့အတည်ပြုလို့ရတယ်။ ကျန်တဲ့သူတွေတော့ ဘယ်နှစ်ယောက်ရှိလဲမသိဘူး” ဟု ၎င်းက ပြောသည်။
ခလရ- ၄၁ စစ်ကြောရေးမှ လွတ်မြောက်သူအရေအတွက်နှင့်ပတ်သက်၍ သံလွင်ခက်အနေဖြင့် အတည်ပြုရန် ကြိုးစားဆဲဖြစ်သည်။
ထို့အပြင် ယနေ့နံနက်ပိုင်းတွင် လားရှိူးမြို့အစွန်ရှိ အကျဉ်းထောင်အနီးတစ်ဝိုက်တွင် တိုက်ပွဲဖြစ်ပွားနေပြီး မုံးယော်-လားရှိုးလမ်းပေါ်က ခလရ- ၆၈ တပ်အနီးတွင် တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်သည်ဟု အထက်ပါဒေသခံက ပြောသည်။
“အကျဉ်းထောင်နားတော့ တိုက်ပွဲဆက်ဖြစ်နေတယ်။ အဲဒီ့အနီးအနားက ကချင်ကုန်း၊ ရှမ်းကုန်းရွာကလူတွေ မြို့ထဲပြေးလာကြတယ်”ဟု ၎င်းက ဆိုသည်။
ပြီးခဲ့သည့် ဇူလိုင် ၂၁ ရက်ကလည်း လားရှိုးမြို့တစ်ဝိုက်က စစ်ကောင်စီတပ်သား ဒုဗိုလ်မှူးကြီးတစ်ဦးအပါအဝင် တပ်သား ၃၀၀ ကျော်သည် MNDAA ထံ လက်နက်ချအလင်းဝင်ခဲ့သည်။