ဂျေအန် (CJ)
ဇူလိုင် ၁၈၊ ၂၀၂၄
ရန်ကုန်တိုင်းကမြို့နယ်တချို့တွင် မီးဖိုချောင်သုံးဂတ်စ်များ ဈေးမြင့်တက်ကာ လိုသလောက် ဝယ်ယူမရဖြစ်နေသည်ဟု အိမ်ရှင်မများနှင့် ဂတ်စ်ရောင်းဝယ်ရေးဆိုင်များထံမှ သိရသည်။
ယခုလဆန်းပိုင်းမှစတင်၍ စစ်ကောင်စီလက်အောက်ခံ စွမ်းအင်ဝန်ကြီးဌာန၊ ရေနံနှင့်သဘာဝဓာတ်ငွေ့စီမံရေးဦးစီဌာနတွင် မီးဖိုချောင်သုံး ဂတ်စ်ရောင်းချခွင့်ပြုချက် အသစ်ပြန်လည်လျှောက်ထားရမည်ဖြစ်ပြီး လျှောက်ထားချိန် သုံးလခန့်ကြာမြင့်နေခြင်းကြောင့် ဈေးကွက်ထဲတွင် ဂတ်စ်များပြတ်လပ်နေခြင်းဖြစ်သည်။
လတ်တလောတွင် မတူညီသည့်မြို့နယ်များတွင် အိမ်သုံးဂတ်စ်ဗူး တစ်ဗူးလျှင် ၁,၅၀၀ ကျပ်မှ ၁,၈၀၀ ကျပ် အထိပေးနေရပြီး ဂတ်စ်အိုးကြီး တစ်ပိဿာလျှင် ၇,၅၀၀ ကျပ်မှ ၁၀,၀၀၀ ကျပ်အထိ ဈေးပေးနေရသည်ဟု ဈေးကွက်အတွင်းမှ သိရသည်။
“အဓိကက အစိုးရကမရောင်းပေးတာ၊ သူတို့မှာ ဂတ်စ်ရှိတယ်၊ ဒါပေမဲ့ အဲ့ ဂတ်စ်ကို လိုချင်ရင် လုပ်ငန်းပါမစ် အသစ်ပြန်လျှောက်ဖို့ ပြောတယ်။ ပါမစ်အသစ်ပြန်လျှောက်ဖို့ ပိုက်ဆံအလုံအလောက်ရှိလည်း စည်ပင်ကနေတဆင့်ပြီးမှ စွမ်းအင်ဝန်ကြီးဌာနဆီကို လျှောက်ထားရမှာ။ အချိန်ကလည်း နှစ်လ၊သုံးလ ကြာမှာဆိုတော့ ဆိုင်ရှင်တွေအတွက်ရော သုံးစွဲသူတွေအတွက်ရော အဆင်ပြေမနေပါဘူး” ဟု တာ မွေမြို့နယ်ရှိ ဂတ်စ်ဆိုင်ပိုင်ရှင်တစ်ဦးက ပြောသည်။
ယခုအခါ ဈေးကွက်အတွင်း ဂတ်စ်ပြတ်လပ်နေပြီး လိုသလောက်မရဘဲ ထမင်းဟင်းချက်ပြုတ်ရာတွင် အခက်ကြုံနေရသည်ဟု အိမ်ရှင်မတစ်ဦးက ပြောသည်။
“ကျွန်မ ဂတ်စ်ဖြည့်ဖို့သွားတာလေ ဆိုင်တွေအားလုံးက ပိတ်ထားတယ်၊ အဲ့နောက်ပိုင်းပြန်ရတော့လည်း ပုံမှန်ဆို ၄-၅ ဗူးလောက် အသာလေးဖြည့်လို့ရတာ၊ အခုက တစ်ခါဖြည့် နှစ်ဗူးနှုန်းဘဲရတော့တယ်” ဟု ၎င်းက ပြောသည်။
စစ်အာဏာသိမ်းပြီးနောက် လျှပ်စစ်မီးပုံမှန်မရရှိတော့သည့် ရန်ကုန်မြို့နယ်များတွင် ဟင်းချက်ရာတွင် လျှပ်စစ်မီးအစား ထိုင်းနိုင်ငံက တင်သွင်းသည့် ဂတ်စ်များကိုသာ ပိုမိုအားကိုးလာရနေသည်။
ပုံစာ – ဂတ်စ်ဆိုင်ရှေ့တွေ မြင်တွေ့ရသည့် ဂတ်စ်အိုးများ။ ဓာတ်ပုံ – JN