ခင်သရဖီဦး
ဇူလိုင် ၁၆၊ ၂၀၂၄
ရခိုင်ပြည်နယ်၊ သံတွဲမြို့ ဂျိတ္တောရပ်ကွက်တွင် အာရက္ခတပ်တော်- AA နှင့် စစ်ကောင်တပ်တို့ကြား တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်က လေကြောင်း၊ ရေကြောင်းတို့ဖြင့် ခုခံတိုက်ခိုက်နေသည်ဟု ဒေသခံများထံက သိရသည်။
ပြီးခဲ့သည့် ရက်ပိုင်းက ခလရ- ၅၅ နှင့် ခမရ- ၅၆၆ တပ်ရင်းများကိုဆုံးရှုံးထားသည့် စစ်ကောင်စီတပ်သည် သံတွဲမြို့စွန့်က ဂျိတ္တောရပ်ကွက်နှင့် မြို့အနီးအနားတစ်လျှောက်အား လက်နက်ကြီးပစ်ကူခြင်း၊ ရေတပ်မှ လက်နက်ကြီးလှမ်းပစ်ခြင်းနှင့် လေကြောင်းက ဗုံးကြဲခြင်းများကို ဆက်တိုက်ပြုလုပ်နေခြင်းဖြစ်သည်။
“’ဂျိတ္တောမှာ AA နဲ့စစ်တပ်နဲ့က တိုက်ပွဲပြင်းထန်နေတယ်။ စစ်တပ်က နေ့ရောညရော ဗုံးကြဲတိုက်ခိုက်တာတွေလုပ်နေတယ်။ ရေတပ်ဖက်ကလည်းလှမ်းပစ်တယ် နေအိမ်တွေကိုကျတာတွေရှိတယ်” ဟု သံတွဲဒေသခံတစ်ဦးက ဆိုသည်။
ထို့အပြင် ပြီးခဲ့သည့် ဇူလိုင် ၁၄ ရက်မှစတင်ပြီး စစ်ကောင်စီက သံတွဲတွင်လည်း ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းတို့ကို ဖြတ်တောက်ထားသည်ဟု ဒေသခံများက ပြောသည်။
“တာဝါတိုင်ကို လက်နက်ကြီးကျတယ်။ အခုက ဖုန်းလိုင်းရော အင်တာနက်လိုင်းပါ ပြတ်နေတယ်” ဟု ဒေသခံတစ်ဦးက ဆိုသည်။
သံတွဲတိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ပစ်ခတ်သည့် လက်နက်ကြီးကျည်ကျရောက် ပေါက်ကွဲမှုကြောင့် ဒေသခံ (၇) ဦးအထိ သေဆုံးခဲ့သည်ဟု ဒေသတွင်းမီဒီယာများတွင် ဖော်ပြသည်။
AA အနေဖြင့် သံတွဲ (မဇင်) လေဆိပ်၊ ခလရ- ၅၅၊ ခမရ-၅၆၆ တပ်ရင်းတို့အား သိမ်းပိုက်ပြီးနောက် စစ်ကောင်စီတပ်အနေဖြင့် သံတွဲမြို့ပေါ်တွင် တခြားတပ်ရင်းများချ၍ အင်အားတိုးချဲ့ထားလျက်ရှိသည်။
ဓာတ်ပုံ- AA Info Desk