နန်အိဖြူ
အောက်တိုဘာ ၂၅၊၂၀၂၂။
ကရင်ပြည်နယ်၊ကော့ကရိတ်မြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့၏လက်နက်ကြီးပစ်ခတ်သည့်အသံကြောင့် အသက် ၇ နှစ်အရွယ်ကလေးငယ်တစ်ဦး အမောဖောက် သတိလစ်သွားရာ ဆေးကုသမှုခံခဲ့ရသည်ဟု မိသားစုဝင်များက ပြောသည်။
ယမန်နေ့က စစ်ကောင်စီ ၉၇ တပ်မှကော့ကရိတ်မြို့နယ်အတွင်းရှိ ကျေးရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောကရိတ်မြို့ခံ အသက်၇ နှစ်အရွယ်ကလေးငယ်တစ်ဦး လက်နက်ကြီး အသံကြောင့် နှလုံးအမောဖောက်ခဲ့ခြင်းဖြစ်သည် ဟု မိသားစုဝင်တစ်ဦးက ပြောသည်။
“ညနေ၅နာရီလောက်ကတည်းကလက်နက်ကြီးတွေနဲ့ပစ်တာ။ည ၈နာရီကျော်အထိဘဲ။လက်နက်ကြီးက ၁၀ ချက်ကျော်တယ်။အစ်မတို့အိမ်ကနီးတော့သူတို့ပစ်တဲ့လက်နက်ကြီးသံကအရင်တုန်းကပစ်တာထက်ပိုကျယ်တယ်။အစ်မ ကလေးတစ်ယောက်ဆို လက်နက်ကြီးသံကြောင့်လန့်ပြီး နှလုံးအမောဖောက်သွားတယ်”ဟု ၎င်းက ပြောသည်။
အမောဖောက်ပြီးသတိ မေ့လျော့သွားသည့်အတွက် စစ်ဘေးရှောင် CDM သူနာပြုဆရာမတစ်ဦးက ကုသပေးခဲ့ပြီး အသက်အန္တရာယ် ထိခိုက်ခြင်းမရှိခဲ့ဟု အဆိုပါမိသားစုဝင် က ဆက်ပြောသည်။
စစ်ကောင်စီတပ်ဖွဲ့၏လက်နက်ကြီးပစ်ခတ်မှုကြောင့်ကော့ကရိတ်မြို့နှင့်အနီးဝန်းကျင်မှ ဒေသခံပြည်သူများထွက်ပြေးတိမ်းရှောင်နေရသည်ဟု ကော့ကရိတ် ဒေသခံတစ်ဦးက ပြောသည်။
စစ်ဘေးရှောင်ကော့ကရိတ် ဒေသခံ အမျိုးသမီးတစ်ဦးက “အိမ်မှာတောင် ထမင်းမစားနိုင်ဘူး ။ထမင်းထုတ်တွေနဲ့ထွက်ပြေးရတာ။ ပြီးတော့ ရိက္ခာခြောက်တွေလည်း ယူဆောင်လာတယ်”ဟု ပြောသည်။
အောက်တိုဘာလ၂၁ရက်နေ့ကစစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့်ကရင့်အမျိုးသားလွတ်မြောက်ရေးတပ်မတော်KNLA ပူးပေါင်းကာကွယ်ရေးတပ်ဖွဲ့တို့တိုက်ပွဲဖြစ်ပွားခဲ့ရာ လက်နက်ကြီးထိမှန်မှုကြောင့် ဒေသခံ ပြည်သူ ၃ဦးသေဆုံးပြီး ၁၀ ဦးကျော် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။