သဇင်
ဇူလိုင် ၁၁၊ ၂၀၂၄
တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ပုလောမြို့နယ် ထမင်းမစားကျေးရွာအနီး နှစ်ဘက်တိုက်ပွဲအတွင်း စစ်ကောင်စီဗိုလ်မှူးတစ်ဦးအပါအဝင် ငါးဦးသေဆုံးပြီး နှစ်ဦးအရှင်ဖမ်းဆီးရမိခဲ့သည်ဟု မြိတ်ခရိုင်အမှတ် (၁) တပ်ရင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (ပုလော) က ယနေ့ဇူလိုင် ၁၁ ရက်တွင် ထုတ်ပြန်သည်။
ယမန့်နေ့ ဇူလိုင်လ ၁၀ ရက် နေ့လည် ၁၂ နာရီဝန်းကျင်တွင် အမှတ် ၈ ပြည်ထောင်စုလမ်းမကြီးပေါ်သို့ အင်အား ၅၀ ခန့်ဖြင့် စစ်ကြောင်းထိုးလာသော ခလရ (၂၈၅) စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပုလောအခြေစိုက် တော်လှန်ရေးပူးပေါင်း တပ်တို့ တိုက်ပွဲအတွင်း ဗိုလ်မှူးသက်ထွန်းအောင် အပါအဝင် တပ်ကြပ်ကြီး ၁ ဦး၊ တပ်ကြပ် ၂ ဦး နှင့် ဒုတပ်ကြပ် ၁ ဦး သေဆုံးခဲ့သည်ဟု မြိတ်ခရိုင်အမှတ် (၁) တပ်ရင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (ပုလော) ပြန်ကြားရေးတာဝန်ခံက ဆိုသည်။
“သူတို့ဘက်က သေဆုံးတဲ့ အလောင်းတွေကို ကျွန်တော်တို့ဘက်က ရထားတာဗျ။ ကျွန်တော်တို့ အနီးကပ်ချေမှုန်းပြီး ပစ်တာဆိုတော့ အလောင်းတွေပါ ရခဲ့တယ်”ဟု ၎င်းကဆိုသည်။
ထို့အပြင် ဖမ်းဆီးရမိသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးအား စစ်သုံ့ပန်း ဥပဒေနှင့်အညီ ထိန်းသိမ်းထားပြီး လိုအပ်သည့် စောင့်ရှောက်မှုများပြုလုပ်ပေးထားသည်ဟု ၎င်းက ဆက်ပြောသည်။
အဆိုပါ ထိတွေ့တိုက်ပွဲသည် အချိန် ၅ နာရီနီးပါးကြာမြင့်ခဲ့ပြီး ပုလောအခြေစိုက်ပူးပေါင်းအဖွဲ့ဘက်က တစ်ဦးကျဆုံးပြီး တစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။
တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ MA-7 ၆၀ မမစိန်ပြောင်း (၁)လက်၊ ၆၀ မမ ကျည် (၃) ခု၊ MA-1 ရိုင်ဖယ် (၁)လက်၊ MA-2 အပေါ့စားစက်သေနတ် (၂) လက်၊ MA-3 ရိုင်ဖယ် (၃) လက်၊ MA-5 ပစ္စတို (၁) လက်၊ အီနဂါ (၁) ခု၊ လက်ပစ်ဗုံး (၈) လုံး၊ MA-14 နင်းမိုင်း (၃) ခု၊ MA ကျည်ဘောက် (၂၇) ခု၊ MA-2 ကျည်ဘောက်အဝိုင်း (၂)ခု၊ ၅.၅၆ (ကပစ) ကျည် (၂၄၁၂) တောင့်၊ စစ်ဦးထုပ် (၆)လုံး၊ စကားပြောစက် (အသေး) (၁)လုံး၊ လက်ကိုင်ဖုန်း (၄)လုံး၊ ကျည်ကာအင်္ကျီ (၅) စုံ၊ စစ်အသုံးအဆောင် ပစ္စည်း (၅)ခု နှင့် ကျောဘိုးအိတ် (၁)လုံး သိမ်းဆည်းရရှိခဲ့သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထား သည်။
အဆိုပါ စစ်ဆင်ရေးကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (ပုလော)၊ မြိတ်ခရိုင်အမှတ် (၁) တပ်ရင်း၊ ကရင်အမျိုးသားကာကွယ်ရေးတပ် (KNDO)၊ တပ်ရင်း (၇) တပ်ခွဲ (၅)၊ ပုလောဒေသကာကွယ်ရေးတပ် (PRDF) မဟာမိတ်ပူးပေါင်းတပ်များ ပူးပေါင်းတိုက်ခိုက်ခဲ့သည်။
ပုံစာ-တိုက်ပွဲအတွင်း သိမ်းဆည်းရရှိသည့် လက်နက်ခဲယမ်းနှင့် အရှင်ဖမ်းမိခဲ့သည့် သုံ့ပန်း ၂ ဦး။
ဓာတ်ပုံ-PDF Myeik District Battalion-1