(စစ်ကောင်စီက ရသမျှလက်နက်ခဲယမ်းများ သယ်ပြေးကာ တစ်ချို့ကိုဖျက်စီးထားခဲ့)
ယမင်းဖူးပွင့်အောင်
ဇူလိုင် ၁၀၊ ၂၀၂၄
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့ကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်-TNLA က တိုက်ခိုက်သိမ်းပိုက်ထားပြီး မြို့ပြင်တွင်နောက်ဆုံးကျန်ရှိနေသည့် ဒုံးတပ်ရင်း (၆၀၆) ကို သိမ်းပိုက်ရှင်းလင်းနိုင်ခဲ့သည်ဟု ဒေသခံများထံက သိရသည်။
ယမန်နေ့ည သန်းခေါင်အချိန်တွင် ဒတရ- ၆၀၆ ကို TNLA က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး ယနေ့နေ့လည်ပိုင်းအထိ ရှင်းလင်းရေးများဆောင်ရွက်ခဲ့သည်ဟု TNLA နှင့် နီးစပ်သူတစ်ဦးက အတည်ပြုပြောဆိုသည်။
“ဒတရ(၆၀၆) က နေ့လည်ပိုင်းက အကုန်ရှင်းလင်းရေးလုပ်လိုက်ပြီ။ ရသွားပြီ” ဟု ၎င်းကပြောသည်။
နောင်ချိုမြို့နယ်ရှိ ရမခ (၁၁၅)၊ ရဲစခန်း၊ ဆေးရုံနှင့် စစ်ကောင်စီဌာနဆိုင်ရာရုံးများကို စစ်ဆင်ရေးစတင်သည့် ၃ ရက်တာအတွင်း TNLA က တိုက်ခိုက်သိမ်းပိုက်ထားပြီးနောက် ခမရ ၁၁၄ ကိုလည်း ဇွန်လ ၂၇ ရက်တွင် သိမ်းပိုက် နိုင်ခဲ့သည်။
စစ်ကောင်စီက ဒုံးတပ်ရင်း- ၆၀၆ ကို လေယာဉ်ဖြင့် စစ်ကူနှင့် လက်နက်ခဲယမ်းများပို့ဆောင်ကာ ခုခံခဲ့ပြီး ရက်အတော်ကြာ နှစ်ဖက်တိုက်ပွဲများပြင်းထန်နေခဲ့သည်။
CDM ဗိုလ်ကြီးဇင်ယော်ကလည်း “စစ်ကောင်စီက ဆုတ်သွားရပြီ။ ရသမျှလက်နက်ခဲယမ်းတွေ တော်တော်များများ သယ်သွားတယ်လို့ သိရတယ်။ မသယ်နိုင်တဲ့ အစုတ်အပြတ်တွေကိုပဲ ဖျက်စီးထားခဲ့တယ်လို့ သိရတယ်” ဟု ဆိုသည်။
လက်ရှိတွင် နောင်ချိုမြို့အနီး တောင်ခမ်းဗျူဟာရှိ စစ်ကောင်စီအမြှောက်တပ်ရင်း -(၉၀၂) လက်အောက်ခံတပ်ရင်း ၃ ခု သာကျန်ရှိတော့သည်။
ဓာတ်ပုံ- TNLA