စကားမောင်
ဇူလိုင် ၁၀၊ ၂၀၂၄
မန္တလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- MDY PDF သည် ပြီးခဲ့သည့် လကုန်ပိုင်းမှစ၍ ယနေ့အထိ နှစ်ပတ်အတွင်း စစ် ကောင်စီတပ်စခန်း ၄၄ ခုကို အပြီးသတ်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။
မန်း-PDF သည် ညီနောင်မဟာမိတ်သုံးဖွဲ့နှင့်အတူ ကျောက်မဲ၊ မိုးကုတ်၊ နောင်ချိုစသည့် ရှမ်းပြည်မြောက်ပိုင်းတွင် ၁၀၂၇ ဒုတိယလှိုင်းတွင် ပါဝင်တိုက်ခိုက်လျက်ရှိသည့်အပြင် မန္တလေးတိုင်းထဲမှ မတ္တရာနှင့် စဉ့်ကူးစသည့်မြို့နယ်များ၌ စစ်မျက်နှာဖွင့်ကာ တိုက်ပွဲဖော်ဆောင်ခဲ့ခြင်းဖြစ်သည်။
မတ္တရာမြို့နယ်တွင် စခန်း ၃၃ ခုသိမ်းပိုက်ခဲ့
************
မတ္တရာမြို့နယ်ကို ပြီးခဲ့သည့် ဇွန် ၂၅ တွင် မန်း-PDF မှ စတင်တိုက်ပွဲဖော်ဆောင်ခဲ့ပြီး တစ်ပတ်အကြာတွင် အင်ကြင်း မြိုင်ရွာအနီးရှိ လေကြောင်းရန်ကာကွယ်ရေးတပ်- ၁၀၁၄၊ ဆည်တော်၊ ပန်းသလဲတောင်၊ ရေစိုတောင်၊ နေကျော်တောင်၊ ရွှေပုထိုး၊ ကျောက်ခလုတ်နှင့် မြေနီတောင်စသည့် တပ်စခန်း ၈ ခုကို သိမ်းပိုက်နိုင်ခဲ့သည်။
စစ်ဆင်ရေးနယ်မြေတွင် စစ်သုံ့ပန်းနှင့် လက်နက်ချအညံ့ခံသူ ၆၄ ဦးကို ဖမ်းဆီးရမိခဲ့ပြီး ကလေးသူငယ်အပါအဝင် အမျိုးသမီးနှင့် သက်ကြီးရွယ်အို တပ်မိသားစုဝင် ၁၁၇ ဦးတို့ကို ထိန်းသိမ်းနိုင်ခဲ့သည်။
ယင်းတပ်စခန်း ၈ ခုကို မတ္တရာမျိုးမှန်တပ်ဖွဲ့နှင့် SSTF တပ်ဖွဲ့တို့ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး လက်နက်မျိုးစုံ ၁၂၅ လက်နှင့် ဆက်စပ် ခဲယမ်းအများအပြားကို သိမ်းဆည်းရမိခဲ့ခြင်းဖြစ်သည်။
ဇူလိုင် ၆ ရက်နေ့တွင် စခန်းသာ၊ ကျောက်မဏ္ဍပ်၊ စပါးကျည်တောင်၊ ကျောက်ကြမ်းတောင်၊ ငွေပုထိုး၊ ရှင်မတောင်၊ နဂါးပတ်၊ နွားခြံကုန်း၊ ဝန်တင်ကုန်း၊ လက်သန်းတောင်၊ ခြေတော်ရာ၊ ကိုရင်လေးတောင်၊ ကင်းရွာ၊ ဆည်တော်လမ်းခွဲရှိ တပ်စခန်း၊ ရေနံ့သာတိုးဂိတ်၊ ရေနံ့သာရဲစခန်းနှင့် ပတ်လည်အင်းတပ်စခန်းတို့အပါအဝင် စုစုပေါင်းတပ်စခန်း ၂၅ ခု ကို ထပ်မံသိမ်းပိုက်ခဲ့သည်။
စခန်းသိမ်းတိုက်ပွဲမှ (၁၂၀) မမ စိန်ပြောင်း တစ်လက်အပါအဝင် လက်နက်ခဲယမ်းအများအပြားကို သိမ်းဆည်းရမိခဲ့ သည့်အပြင် စစ်ကောင်စီလက်အောက်ခံ ပျူစောထီးအဖွဲ့များ မန်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံ လက်နက်ချအလင်းဝင်ခဲ့သည်။
ပြီးခဲ့သည့် ဇူလိုင် ၉ ရက်နေ့တွင် မန်း-PDFမှ သိမ်းပိုက်ထားသည့် မတ္တရာမြို့နယ်၊ ရေနံ့သာတိုးဂိတ်သို့ စစ်ကောင်စီမှ စစ်ကြောင်းထိုးလာရာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် အလောင်း (၇) လောင်းနှင့် လက်နက်ခဲယမ်းတစ်ချို့ ကို ထပ်မံသိမ်းဆည်းရမိခဲ့သည်။
စစ်ကောင်စီမှ တိုက်ပွဲဖြစ်ပွါးခြင်းမရှိသည့် မတ္တရာမြို့နယ် အုတ်ဖို (ရွာသစ်) ကျေးရွာသို့ လေကြောင်းတိုက်ခိုက်မှုပြု လုပ်ခဲ့သဖြင့် ကလေးတစ်ဦးသေဆုံးခဲ့ရပြီး သန်းကုန်းကျေးရွာကိုလည်း လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ရာ စာသင် ကျောင်းအပါအဝင် အရပ်သားနေအိမ်များ ထိခိုက်ပျက်စီးမှုများရှိခဲ့သည်။
စဥ့်ကူးမြို့နယ်တွင် တပ်စခန်း ၁၁ ခုသိမ်း
*************
ထို့အပြင် စဥ့်ကူးမြို့နယ်တွင်လည်း ဇူလိုင် ၃ ရက်က ဒိုးနွယ်ရွာ၊ နမ့်ဟပ်ရွာ၊ မာလဲဆည်ရှင်းလင်းဆောင်၊ ရွှေမာလဲစေ တီ၊ ရွာတော်လေး၊ နွယ်ရုံရဲစခန်းအပါအဝင် တပ်စခန်း ၆ ခုကို မန်း-PDF မှ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး စစ်သုံ့ပန်း (၁၃) ဦးနှင့် လက်နက်ခဲယမ်း (၄၀) ကျော်ကို ဖမ်းဆီးရရှိခဲ့သည်။
ဇူလိုင် ၈ ရက်တွင် ရွှေပြည်ရဲစခန်း၊ လက်ပန်လှရဲစခန်း၊ ကျည်တောက်ပေါက်တပ်စခန်း၊ ကန်တောင်တပ်စခန်းနှင့် ပင် လယ်ကြီးတပ်စခန်းအပါအဝင် စုစုပေါင်းတပ်စခန်း ၅ ခုကို ထပ်မံသိမ်းပိုက်နိုင်ခဲ့သည်။
စဉ့်ကူးစစ်ဆင်ရေးနယ်မြေအတွင်း ပ-က-ဖမှ ပူးပေါင်းပါဝင်ခဲ့ပြီး သပိတ်ကျင်းမြို့နယ် ဒုတပ်မှူး၊ ဒုတိယဗိုလ်မှူးကြီး လှိုင်းထွန်းအောင် (OTC-19) အပါအဝင် စစ်သုံ့ပန်း (၁၅) ဦးကို ဖမ်းဆီးရမိခဲ့သည်။
စဉ့်ကူးမြို့နယ်တိုက်ပွဲများတွင်လည်း ပျူစောထီးအဖွဲ့ဝင်များ လက်နက်ချ အညံ့ခံခဲ့ကြသည်။ ထို့အပြင် စစ်ကောင်စီမှ လေကြောင်းဖြင့်ချပေးသည့် လက်နက်ခဲယမ်းများနှင့် တခြားဆက်စပ်ပစ္စည်းများကို ရရှိခဲ့သည်။
ဇူလိုင် ၉ ရက်တွင်လည်း စဉ့်ကူးမြို့နယ်၊ ပင်လယ်ကြီးတပ်စခန်းမှထွက်ပြေးလွတ်မြောက်သွားသည့် ဗိုလ်ကြီးတစ်ဦး အပါအဝင် စစ်ကောင်စီတပ်သား (၄) ဦးကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိခဲ့ပြီး စစ်ကောင်စီတပ်သား အလောင်း (၂) လောင်းနှင့် လက်နက်ခဲယမ်းများကို ထပ်မံသိမ်းဆည်းရမိခဲ့သည်။
ဓာတ်ပုံ- ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)