နန်းအိဖြူ
အောက်တိုဘာ ၂၆ ၊၂၀၂၂။
ရှမ်း−ကယား နယ်စပ် လွိုင်ကော်မြို့နယ်အတွင်းရှိ ပီကင်းကောခူကျေးရွာအတွင်းသို့ စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံပြည်သူတစ်ဦး သေဆုံးကာထိခိုက်ဒဏ်ရာရမှု များရှိသည်ဟု ဒေသအခြေစိုက်ကူညီသူများထံမှ သိရသည်။
အောက်တိုဘာလာ ၂၆ ရက်နေ့ နေ့လည် ၁ နာရီကျော်အချိန်တွင် စစ်ကောင်စီတပ်ဖွဲ့၏လက်နက်ကြီးပစ်ခတ်မှုကြောင့် ပီကင်းကောခူကျေးရွာအတွင်းရှိ ကလေးတစ်ဦးသေဆုံးကာ နေအိမ်ပျက်စီးမှုများလည်းရှိခဲ့သည်ဟု
လွိုင်ကော် အခြေစိုက်ကူညီကယ်ဆယ်ရေးပရဟိတအဖွဲ့ဝင်တစ်ဦးက ပြောသည်။
“မနက် ၃နာရီခွဲလောက်ကတည်းက လက်နက်ကြီတွေနဲ့ပစ်နေတာ။ ပီကင်းကောခူရွာထဲက နေအိမ်တစ်လုံးပေါ်ကျတာ။မိသားစု၀င် ၃ဦးထဲက တစ်ဦးက ခေါင်းထိသွားပြီး ကျန်နှစ်ယောက်ကတော့တင်ပါးထိသွားတယ်။။လက်နက်ကြီးစမှန်ပြီး ၄ နှစ်ကလေးတစ်ယောက်သေဆုံးသွားတယ်။နောက် သုံးယောက်ကတော့ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်”ဟု ၎င်းက ပြောသည်။
ထို့ပြင် အခြား ဒေသခံများအပါအဝင် စုစုပေါင်း ၁၀ ဦးကျော် ခန့် ထိခိုက်ဒဏ်ရာရရှိကာ လွိုင်ကော်ဆေးရုံကြီးသို့ပို့ဆောင်ပေးထားရသည်ဟု ၎င်းကဆက်ပြောသည်။
ကူညီကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးက “ထိခိုက်ဒဏ်ရာရရှိတဲ့သူတွေကိုတော့ ကျွန်တော်တို့ လွိုင်ကော်ဆေးရုံကြီးကိုပို့ဆောင်ပေးထားပါတယ်။ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့သူတွေထဲမှာ နေအိမ်ပေါ်ကျလို့ ဦးခေါင်းထိမှန်ထားတဲ့တစ်ယောက်တော့စိုးရိမ်ရတယ်”ဟု ပြောသည်။
ရှမ်းပြည်နယ်မှကယားပြည်သို့အဝင်လွိုင်ကော်မြို့နယ်ပီကင်းကောခူစစ်ဆေးရေးဂိတ်တွင်စစ်ကောင်စီတပ်ဖွဲ့ဝင်များက လုံခြုံရေးတိုးမြင့်စစ်ဆေးမှုများလည်း ပြုလုပ်နေသည်။