ခင်သရဖီဦး
ဇူလိုင် ၈၊ ၂၀၂၄။
ရခိုင်ပြည်၊ သံတွဲမြို့ကို မကျရှုံးစေရေးအတွက် စစ်ကောင်စီက အင်အားတို့ချဲ့ကာ မြို့တွင်းခံစစ်ဆင်ပြင်နေရာယူထားလျက်ရှိသည်ဟု AA စစ်ရေးသတင်းရင်းမြစ်များထံက သိရသည်။
ခမရ (၅၆၆) နှင့် မဇင်လေဆိပ်အား AA ကသိမ်းပိုက်ပြီးနောက် ဇူလိုင်လ ၇ ရက်နေ့မှစ၍ တပ်မ (၂၂) နှင့် တပ်မ(၃၃) တို့ဖြင့် အင်အားတိုးချဲ့ကာ သံတွဲမြို့အတွင်းရှိ ထွေအုပ်ရုံး၊ တရားရုံး၊ စာသင်ကျောင်များနှင့် ဆေးရုံအဆောက်အဦးများတွင် နေရာယူထားခြင်းဖြစ်သည်။
”သံတွဲ အကျဉ်းထောင်ထဲမှာလက်နက်ကြီးတည်ဆောက်ထားတာပါ။ မနေ့ကစပြီ ပစ်ကူပီးနေတာ” ဟု ဒေသခံအမျိုးသမီးတစ်ဦးက ဆိုသည်။
ထို့အပြင် သံတွဲမြို့တွင်းရှိအကျဥ်းထောင်တွင် အမြှောက်တပ်ချထားသည့်အတွက် မြို့ထဲတွင် ကျန်ရစ်နေသည် ဒေသခံတချို့မှာ စိုးရိမ်နေသည်ဟု ၎င်းက ဆက်ပြောသည်။
“ကျွန်မတို့ အိမ်က ထောင်နဲ့နီးတော့ ထောင်ကပစ်လွတ်တဲ့ မီးလုံးတွေက အိမ်ခေါင်မိုးပေါ်ကနေ သွားတယ်လေ။ ကျွန်မတို့ကကြောက်ပြီး အိမ်အောက်တွေမှာ ဝင်ပုန်းနေရတယ်။ အခုထိလည်း ပစ်နေတုန်းပဲ”ဟု ၎င်းက ဆိုသည်။
အာရက္ခတပ်တော်- AA သည် သံတွဲအခြေစိုက် ခမရ (၅၆၆) တပ်ရင်းအား ဇွန်လ (၂၇) ရက် နေ့တွင်လည်းကောင်း၊ ဇူလိုင်လ (၅) ရက်တွင် ငပလီ (မဇင်) လေဆိပ်ကို ထိန်းချုပ်ထားနိုင်ခဲ့သည်။
ထို့အပြင် သံတွဲမြို့အနီးပတ်ဝန်းကျင်ရှိ အခြားသောစစ်ကူ စခန်းအချို့တို့ကိုလည်း သိမ်းပိုက်ရရှိထားကြောင်း AA ယမန်နေ့ ဇူလိုင်လ ၇ ရက်က ထုတ်ပြန်ထားသည်။
စစ်တပ်အနေဖြင့်လည်း သံတွဲမြို့ မကျရှုံးစေရေးအတွက် ခလရ (၅၅) နှင့်အတူ (၁၀၁) တပ်မလက်အောက်ခံ ပခုက္ကူအခြေစိုက် ခလရ (၂၅၂) တပ်ရင်းအပါအဝင် တပ်ရင်းအချို့စုပေါင်းပြီး ခလရ (၅၅) တပ်ရင်းနှင့် ၎င်းပတ်ဝန်းကျင်အနီးမှ ခုခံတိုက်ခိုက်လျက်ရှိသကဲ့သို့ ရေတပ်၊ လေကြောင်းပစ်ကူများ ပစ်ကူလျက်ရှိသည်ဟု AA က ထုတ်ပြန်ထားသည်။
ပုံစာ – သံတွဲလေဆိပ်ကို ထိန်းချုပ်နိုင်ခဲ့သည့် AA တပ်ဖွဲ့ဝင်များ။ ဓာတ်ပုံ – AA Info Desk