နန်းအိဖြူ
အောက်တိုဘာ ၂၉၊၂၀၂၂။
တနင်္သာရီတိုင်းဒေသကြီး၊ထားဝယ်မြို့နယ်အတွင်း မှ ကျေးရွာများကို စစ်ကောင်စီက ရိက္ခာ သယ်ယူခွင့် ကန့်သတ်ထားသည်ဟု ဒေသခံများက ပြောသည်။
ယင်းသို့ ကန့်သတ်ထား သည့်အတွက် ဒေသခံပြည်သူများ၏ သွားလာရေး နှင့် စားဝတ်နေရေး အခက်အခဲများ ရှိသည် ဟုဒေသခံများက ပြောသည်။
စစ်ကောင်စီတပ်ဖွဲ့များက ထားဝယ်မြို့နယ်အတွင်း ရိက္ခာ သယ်ယူခွင့်ကို သြဂုတ်လမှစတင်ကာ ယနေ့အချိန်ထိ ကန့်သန့်ထားခြင်းဖြစ်သည်။
ထားဝယ်မြို့နယ်အတွင်းမှ ဒေသခံအမျိုးသားတစ်ဦးက“စစ်ကောင်စီတပ်ဖွဲ့တွေက သြဂုတ်လထဲမှာ ဆန်ဆိုရင်နှစ်အိတ်မသယ်ရဘူး ၊တစ်အိတ်ပဲသယ်ခွင့်ရှိတယ်လို့ ကန့်သတ်လိုက်တယ်။ ပိုသယ်လာရင် သူတို့ဂိတ်တွေမှာ ချပေးခဲ့ရတယ် ။အောက်တိုဘာလမှာကျတော့ ဘာမှကို သယ်လို့မရတော့တာ အဲ့တော့ စားဝတ်နေရေးခက်တာပေါ့”ဟု ပြောသည်။
ရိက္ခာနှင့် သွားလာခွင့် ကန့်သတ်မှုနှင့်အတူ ကုန်ပစ္စည်းစျေးနှုန်းများမှာလည်း မြင့်တက်နေဆဲ ဖြစ်သည်ဟု အခြားဒေသခံတစ်ဦးက ပြောသည်။
ထားဝယ်မြို့နယ်အတွင်းမှဒေသခံပြည်သူများ အနေဖြင့် ကာကွယ်ရေးတပ်ဖွဲ့ဝင်များနှင့်လည်းချိတ်ဆက်ခြင်း ရိက္ခာထောက်ပံ့ခြင်းများ မပြုလုပ်ရန် စစ်ကောင်စီက တင်းတင်းကြပ်ကြပ် တားမြစ်ထားသည်ဟုကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
ထားဝယ်အခြေစိုက် D.E.F ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက“ရိက္ခာတွေခိုးသယ်ရင်လည်း ပစ်သတ်မယ်လို့ခြိမ်းခြောက်တာတွေရှိတယ်လို့ကျွန်တော်တို့ကြားပါတယ်ဗျ။ သူတို့လဲ ပြည်သူတွေကို ရိက္ခာကန့်သတ်သလို ကျွန်တော်တို့ဘက်ကလဲ သူ့တို့ကိုရတဲ့နည်းနဲ့ ပြန်လည် တိုက်ခိုက်ရမှာပဲ”ဟု ပြောသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဗျောတောဝဂိတ်၊ ပကာရီဂိတ်များတွင် အထိုင်ချကာ ရိက္ခာသယ်ယူနိုင်ခြင်းမရှိအောင် အထိုင်ချ စစ်ဆေးနေပြီး ကုန်ပစ္စည်းများကိုလည်း သိမ်းဆည်းမှုများပြုလုပ်နေသည်။
ထားဝယ်ဂိတ်စခန်းတစ်ခုမြင်ကွင်း CJ