သံလွင်ခက်
ဇူလိုင် ၆၊ ၂၀၂၄။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော်- SSPP/SSA နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PSLF/TNLA တို့အကြား နှစ်ဖက်ခေါင်းဆောင်များ ညှိနှိုင်းကာပစ်ခတ်မှုများ ရပ်တန့်အဆုံးသတ်လိုက်ပြီဟု ယမန့်နေ့တွင် TNLA က ထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် ဇူလိုင် ၅ ရက်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် စစ်သုံ့ပန်းများကို ခေါ်ဆောင်လာသည့် TNLA မှ ဗိုလ်ကြီးတစ်နှင့် ရဲဘော်သုံးဦးအား သီပေါမြို့ကြံခင်း (ရေပူ) ရွာအနီးတွင် SSPP/SSA တပ်ဖွဲ့မှ ပစ်ခတ်ရာမှ သီပေါမြို့နယ်မှူး၊ ဗိုလ်ကြီးနေအုပ် (ခေါ်) ဂူ;ပ္လါင်သည် ကားပေါ်တွင် ပွဲချင်းပြီးသေဆုံးခဲ့ပြီး ကျန်သုံးဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး TNLA နှင့် SSPP/SSA အကြား နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ထို့နောက် ကျောက်မဲမြို့နယ် လုပ်ပါကျေးရွာနှင့် နောင်ပိန်ကြီးကျေးရွာတို့တွင်လည်း SSPP/SSA နှင့် PSLF/TNLA တပ်ဖွဲ့အကြား နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့သည်။
ထိုကဲ့သို့ နှစ်ဖက်အောက်ခြေ နားလည်မှုလွှဲမှားပြီး အပြန်အလှန်ပစ်ခတ်မှုများ ဖြစ်ပွါးသည်ကို သက်ဆိုင်ရာခေါင်းဆောင်များဆွေးနွေးညှိနှိုင်းပြီး နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုများ ရပ်တန့်အဆုံးသတ်ခဲ့သည်ဟု TNLA က ထုတ်ပြန် ထားသည်။
အဆိုပါ တိုက်ပွဲဖြစ်စဉ်များနှင့်ပတ်သက်၍ SSPP ကလည်း ကျောက်မဲမြို့နယ်နှင့် သီပေါမြို့နယ်အတွင်း TNLA က SSPP တပ်ကို သုံးနေရာဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ထားသည်။