စစ်ကောင်စီက စစ်ကြောင်းထိုး၊ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် ကျိုက်ထိုစစ်ရှောင်ဦးရေ ၁ သောင်းကျော်ရှိလာ
********************
သဇင်
ဇွန် ၂၈၊၂၀၂၄။
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် စစ်ကောင်စီစစ်ကြောင်းထိုး၊လက်နက်ကြီးပစ်ခတ်မှုကြောင့် ယခုလအတွင်း ဒေသခံ ၁ သောင်းကျော် နေရပ်စွန့်ခွာတိမ်းရှောင်နေရပြီး အကူအညီများလိုအပ်နေသည်ဟု စစ်ဘေးရှောင်အရေးကူညီသူများထံကသိရသည်။
“ရွာတွေထဲက အဓိကပစ်ချတယ်။ အပေါ်ကို (ကျိုက်ထိုမြို့တွင်း) နယ်မြေရှင်းလင်းရေးတက်ရမယ်ဆို ပြီးတော့ သတင်းရထားတယ်။ စစ်ကြောင်းက လောလောဆယ်ရှိတုန်းပဲ” ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်များနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။
ပြီးခဲ့သည့် ဇွန်လ ပထမအပတ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ကျိုက်ထိုမြို့နယ် သိမ်ဇရပ်အပိုင် ကမ်းနီကျေးရွာမှ စတင်စစ်ကြောင်းထိုးလာခဲ့ပြီး နေ့စဉ်လက်နက်ကြီးပစ်ခတ်ခြင်းကြောင့် စစ်ကွင်း၊ ခရွဲ၊ ချောင်းဝ၊ သုံးခွ၊ ရေကျော်စ သည့် ရွာများအပါအဝင် ကျေးရွာပေါင်း ၁၀ ရွာက အဓိကခံစားနေရပြီး စစ်ဘေးရှောင် (၁၀,၀၀၀) ကျော်ရှိလာခြင်း ဖြစ်သည်။
အဆိုပါစစ်ဘေးရှောင်များသည် မိုးတွင်းကာလတွင် အခက်ခဲများဖြင့် ရှောင်တိမ်းနေကြရသလို လူသားချင်းစာနာမှု အကူအညီများကို စစ်ကောင်စီထံမှတစ်ဆင့်စီးဆင်းရခြင်းကြောင့် အကူအညီများကြန့်ကြာမှုရှိနေသည်ဟု စစ်ဘေး ရှောင်အရေးကူညီသူတစ်ဦးက ဆိုသည်။
“တချို့ဒေသခံတွေက တောင်ပေါ်ရွာမှာ တိမ်းရှောင်နေကြတယ်။ မိုးတွင်းကာလဆိုတော့ သွားရေးလာရေးခက်ခဲတယ်။ ၄ မိုင်၊ ၅ မိုင်လောက်ဝေးတဲ့ခရီးကို မိုးရေထဲမှာ လမ်းလျှောက်သွားရတာတွေ ခက်ခဲတာပေါ့”ဟုဆိုသည်။
ကျိုက်ထိုမြို့နယ်အတွင်း စစ်ကြောင်းထိုးဝင်ရောက်ချိန်မှစပြီး လက်နက်ကြီးဒဏ်ကြောင့် (၁၀) နှစ်အောက်အရွယ် က လေးငယ် ၂ ဦးနှင့် အသက် (၂၀) အရွယ် အမျိုးသမီးတစ်ဦးသေဆုံးပြီး သံဃာတော် ၁ ပါး၊ ဒေသခံ (၅) ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု စစ်ဘေးရှောင်အရေးကူညီသူများထံမှသိရသည်။
ဓာတ်ပုံ-ကျိုက်ထိုမြို့နယ်ရှိ စစ်ဘေးရှောင်များ(ပေးပို့)
****
Telegram – > https://t.me/ThanLwinKhetNews/4886
YouTube -> https://youtu.be/wUXdJYTpAwY?si=wEl68-owV0YdDt58
Website -> https://thanlwinkhet.net/?p=10610