မြိုင်သံဃာတော်များ မေတ္တာသုတ်ရွတ်ဖတ်ကာ ချီတက်သပိတ်ပြုလုပ်
**********************
စကားမောင်
ဇွန် ၂၇၊ ၂၀၂၄။
မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် သံဃာအပါး ၇၀ ကျော်နှင့် လူအင်အား ၅၀ စုပေါင်း၍ ယနေ့မနက်ပိုင်းတွင် စစ်ကောင်စီကို ချီတက်သပိတ်ပြုလုပ်ခဲ့ကြသည်။
ယနေ့သပိတ်တွင် စစ်အာဏာရှင်ကို တော်လှန်သောသံဃာထု၏ ဝိနည်းတော်အရ ရဟန်းတော်များမှ ဒါယကာများအား သပိတ်မှောက်ခြင်း (ပတ္တနိက္ကုဇ္ဇနကံဆောင်ခြင်း) နှင့် မေတ္တာသုတ်ရွတ်ဖတ်ကာ “ဓမ္မန္တရာယ်စကစ ရဟန်းရှင်လူတို့တိုက်ဖျက်ကြ” ဆိုသည့် ဆောင်ပုဒ်ကို ကိုင်စွဲကာ သာသနာ့အလံများ လွှင့်ထူပြီး ချီတက်ခဲ့ကြသည်။
“စစ်ကောင်စီအနေနဲ့ အမျိုးဘာသာသာသနာကို စောင့်ရှောက်မယ်ဆိုပြီး သံဃာတွေကို ကျည်ဆန်နဲ့ စောင့်ရှောက်တာလားလို့ မေးချင်တာပေါ့”ဟု သပိတ်တွင်ပါဝင်ခဲ့သော သံဃာတော်တစ်ပါးမှ သံလွင်ခက်ကိုမိန့်ကြားသည်။
ယနေ့သပိတ်လှုပ်ရှားမှုသည် စစ်ကောင်စီတပ်က သေနတ်ဖြင့်ပစ်ခတ်မှုကြောင့် ပျံလွန်တော်မူခဲ့သော ပဲခူးမြို့၊ ဝင်းနိမ္မိတာရုံကျောင်းဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသဆရာတော်အပြင် စစ်ကောင်စီလက်ချက်ကြောင့် အခြား လူမသိသူမသိ ပျံလွန်တော်မူခဲ့ရသည့် သံဃာတော်များအတွက် ရည်စူး၍ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု ယင်းသပိတ်ထံမှ သိရသည်။
“နိုင်ငံရေးသမားတွေ ကျောင်းသားလူငယ်တွေကို ဖမ်းတယ်၊ သတ်တယ်။ နောက်တော့ စီးပွါးရေးသမားတွေ ဖမ်းတယ်။ အခု သံဃာကိုပါ သတ်မိတဲ့အဖြစ်ကိုရောက်လာပြီး အိုးအိမ်တွေမီးရှို့တဲ့ အကုသိုလ်ဆိုတာ ပြောလို့တောင် မထွက်နိုင်တော့ပါဘူး။ ဒီစစ်ကောင်စီရဲ့ အာဏာသိမ်းအုပ်ချုပ်မှု အကုသိုလ်ကြီးက ပြည်သူတွေကို သတ္တန္တရကပ်ဆိုး ဆိုက်နေစေခဲ့တာပါ” ဟု တော်လှန်ရေးအင်အားစုမှ အဖွဲ့ဝင်တစ်ဦးက ပြောသည်။
သပိတ်ကံဆောင်မှုကို ၁၉၉၀ ခုနှစ် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့- န.ဝ.တ စစ်အစိုးရခေတ်တွင် တစ်ကြိမ်၊ စက်တင်ဘာလ ၁၈ရက် ၂၀ဝ၇ခုနှစ် တွင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံဖြိုးရေးကော်စီ- န.အ.ဖ စစ်အစိုးရကို တစ်ကြိမ်ပြုလုပ်ခဲ့သည်။
ပုံစာ- ဇွန်လ ၂၇ရက်၊ ၂၀၂၄ခုနှစ်တွင် ပြုလုပ်ခဲ့သော စစ်အာဏာရှင်ကို တော်လှန်သည့် သံဃာထု၏ ပတ္တနိက္ကုဇ္ဇန ကံဆောင်ခြင်းမြင်ကွင်း။ ဓာတ်ပုံ- ပေးပို့
![](https://scontent.fphs2-1.fna.fbcdn.net/v/t39.30808-6/449128148_859149302915699_9113360612159100239_n.jpg?stp=dst-jpg_s600x600&_nc_cat=101&ccb=1-7&_nc_sid=833d8c&_nc_eui2=AeFdjeDVAU_MBHHMiEGymS-b8okcNfgfDTjyiRw1-B8NOEI2jCNgQOHP4906yM5GtRIcBpVGncX05mfq81CePXcy&_nc_ohc=AmHUU2hZMDYQ7kNvgHFR_bx&_nc_ht=scontent.fphs2-1.fna&oh=00_AYAcpYAZocX3CuuCWP69qppmgVK5yhABcdrJAZTPGWDcKA&oe=6683F3BE)
![](https://scontent.fphs2-1.fna.fbcdn.net/v/t39.30808-6/438305035_859149366249026_3320823335506455188_n.jpg?stp=dst-jpg_s600x600&_nc_cat=105&ccb=1-7&_nc_sid=833d8c&_nc_eui2=AeFqNM9meLWBo50tP6gnAQPsAtpJp1NC0IEC2kmnU0LQgVlNRIBJQuT1phMYnOHv-F7cJR-vhscKoek_Mi-JAHA5&_nc_ohc=GBifM6d3c9gQ7kNvgHrASvN&_nc_ht=scontent.fphs2-1.fna&oh=00_AYAa5mK2vtM1-OqqTpVnCssjy-TUn_b9YKlTHarP3CrH_Q&oe=6683E3BE)
![](https://scontent.fphs2-1.fna.fbcdn.net/v/t39.30808-6/438304438_859149396249023_959163552436638810_n.jpg?stp=dst-jpg_s600x600&_nc_cat=104&ccb=1-7&_nc_sid=833d8c&_nc_eui2=AeGA5amGRyHa_-ZlSrX9ogkTHycvFjKEIeYfJy8WMoQh5tFTi1XjoKriKuoNZDhfV2QuYuBcms7WDQ9u6Up9cyJb&_nc_ohc=cNYHJSIYNmkQ7kNvgGi1jUO&_nc_ht=scontent.fphs2-1.fna&oh=00_AYB5CbWgRVNxo7MGlS7j3LiHk2pknk3hNFpVhc3UfkzsgA&oe=6683E4E2)
![](https://scontent.fphs2-1.fna.fbcdn.net/v/t39.30808-6/438263135_859149416249021_7936639710061222491_n.jpg?stp=dst-jpg_s600x600&_nc_cat=101&ccb=1-7&_nc_sid=833d8c&_nc_eui2=AeFIpeA6RjiM9LY0i0j-1iU_PrhDE-5J0KE-uEMT7knQoZfrketaI5r9C5xUpQMYNkKNSN5R_0o0CNtKWXNX89VM&_nc_ohc=JpEWRuhZ-_cQ7kNvgGTZvIY&_nc_ht=scontent.fphs2-1.fna&oh=00_AYDAs7phuoomQ_jRcn6T66IoAamGyr9Gl53DqYdnZUxVzw&oe=66840151)