ရှေ့တိုးလာသည့် အောင်ဇေယျစစ်ကြောင်း ကျဆုံးမှုရှိနေ
******************
နန်းဆုပန်ခန့်
ဇွန် ၂၈၊ ၂၀၂၄။
ကရင်ပြည်နယ်၊ ကော့ကရိတ် – မြဝတီအာရှလမ်းအတွင်း တပ်မ ၅၅ ဦးဆောင်သည့် အောင်ဇေယျစစ်ကြောင်းနှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ ယမန်နေ့က ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ကျဆုံးမှုများရှိခဲ့သည်ဟု ပူးပေါင်းတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက သံလွင်ခက်ကိုပြောသည်။
၎င်းက ” စစ်ကောင်စီဘက်က KNU ဘက်က ခံစစ်ဆင်ထားတဲ့ ကုန်းတစ်ခုကို အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်တိုက်ခိုက်နေချိန်မှာ ဒီဘက် ပူးပေါင်းတပ်ဘက်က ပြန်ပြီး တိုက်ခိုက်နေတုန်းမှာ သူတို့က ပြန်ဆုတ်လိုက်ရတာ။ မျက်စိ ရှေ့မှာပဲအလောင်းတွေပုံနေတာ” ဟု ဆိုသည်။
သို့သော် တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ကျဆုံးမှုနဲ့ပတ်သက်၍ ထိန်ချန်ပေးထားရန် ယင်းတာဝန်ရှိသူက မေတ္တာရပ်ခံထားသည်။ တော်လှန်ရေးပူးပေါင်းတပ်ဘက်မှ ထိခိုက်မှုမရှိဟု ၎င်းက ဆက်ပြောသည်။
မြဝတီမြို့ကိုရရှိရန် ထိုးစစ်ဆင်နေသည့် အောင်ဇေယျစစ်ကြောင်းသည် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များဖြင့် နေ့စဉ်ထိတွေ့တိုက်ပွဲဖြစ်ပွားလျက်ရှိပြီး ယခုနှစ်ဇွန်အကုန်အထိ စစ်ကောင်စီမှ တိုက်ပွဲအတွင်း တော်လှန်ရေးတပ်ဖွဲ့များနေရာယူခဲ့သည့် တောင်ကုန်းတစ်ကုန်းကိုသာရရှိထားပြီး ရှေ့ဆက်မတိုးနိုင်သည့် အခြေအနေဖြစ်နေသည်ဟု တော်လှန်ရေးပူးပေါင်းတပ်များထံမှသိရသည်။
အောင်ဇေယျစစ်ကြောင်းတွင် တပ်မ ၅၅ ဖြင့်ချီတက်ခဲ့သော်လည်း တပ်တော်လှန်ရေးတပ်များ၏ ခုခံတိုက်ခိုက်မှုကြောင့် ဖွဲ့စည်းပုံပျက်ကာ ယခုအခါ အခြားသော တပ်မ ၇၇၊ ၂၂ များဖြင့် အင်အားဖြည့်တင်းနေရသည့် အခြေအနေ ဖြစ်သည်ဟု တော်လှန်ရေးပူးပေါင်းတပ်များက ပြောသည်။
ပုံစာ – ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် – KNLA အား ရှေ့တန်းစစ်မြေပြင်တစ်နေရာမှာတွေ့ရစဉ်(ပုံဟောင်း)။ ဓာတ်ပုံ- KNLA။