ရွှေကျင်ဗျူဟာက ပစ်ခတ်လိုက်သည့် လက်နက်ကြီးကြောင့် ဒေသခံတစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ
******************
သံလွင်ခက်။
ဇွန် ၆ ၊ ၂၀၂၄။
ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ ရွှေကျင်မြို့ရှိ စစ်ကောင်စီဗျူဟာကုန်းက တပ်ဖွဲ့ဝင်များ ပစ်ခတ်လိုက်သည့် လက်နက်ကြီးထိမှန်မှုကြောင့် ဒေသခံ အမျိုးသားတစ်ဦးသေဆုံးခဲ့ပြီး တစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများထံက သိရသည်။
ယနေ့ နေ့လည် ၁၁ နာရီခန့်တွင် ဗျူဟာကုန်းက ပစ်ခတ်လိုက်သည့် လက်နက် ကြီးသည် ရွှေကျင်မြို့၊ ကုလားသင်္ချိုင်းအနီးရှိ ကျွဲတဲရပ်ကွက်အတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့သောကြောင့် ဒေသခံအမျိုးသားတစ်ဦး လက်နက်ကြီးစထိမှန်သေဆုံးခဲ့ပြီး တစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။
ရွှေကျင်ဒေသခံတစ်ဦးက ” သူတို့အထိုင်ချထားတာက ဗျူဟာနောက်က ဒညင်းပင်ကုန်းဆိုတဲ့နေရာမှာ အထိုင်ချပြီး အဲ့ကနေ ပစ်တာ။ အဲ့ဘက်ကို ပစ်ရင်းနဲ့မှ ကုလားသချိုင်းကုန်းဘေးနားက အိမ်ပေါ်ကို ကျတာ။ တစ်ယောက်က ခေါင်းပွင့်ပြီးသေသွားတယ်။ တစ်ယောက်က ခြေထောက်ထိတယ် ” ဟု သံလွင်ခက်သတင်းဌာနကို ပြောသည်။
အဆိုပါ စစ်ကောင်စီဗျုဟာကုန်းက တပ်ဖွဲ့ဝင်များသည် အင်းပလွဲ၊ သက္ကယ်ကုန်း နှင့် စက်စုစသည့် ကျေးရွာများဘက် သို့ နေ့စဉ်လက်နက်ကြီးများဖြင့် ပစ်ခတ်နေခြင်းဖြစ်သည်ဟု ဒေသခံများထံက သိရသည်။
ရွှေကျင်ဒေသခံတစ်ဦးက ” နေ့တိုင်းပဲ ပစ်တာ။ ညဘက်ဆိုရင် အဆက်မပြတ်ကို ပစ်တာ ” ဟု ဆိုသည်။
ရွှေကျင်မြို့နယ်သည် ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၃ နယ်မြေလည်းဖြစ်သည်။
ရွှေကျင်မြို့နယ်အတွင်းရှိ ကျေးရွာများကို ရွှေကျင်ဗျူဟာကုန်းအပြင် ညောင်လေးပင်မြို့နယ် ပိန်းဇလုပ်အခြေစိုက် စစ်ကောင်စီ ခြေလျင်တပ်ရင်း (ခလရ-၂၆၄)က တပ်ဖွဲ့ဝင်များကလည်း ပစ်ခတ်မှုများလုပ်ဆောင်လျက်ရှိသည်။
ပြီးခဲ့သည့် မေလ ၃၁ ရက်တွင် ပိန်းဇလုပ်အခြေစိုက် စစ်ကောင်စီ ခြေလျင်တပ်ရင်း (ခလရ-၂၆၄)မှ တပ်ဖွဲ့ဝင်များ ပစ်ခတ်မှုကြောင့် ကျောက်တံခါးမြို့နယ်၊ တောင်ခင်ကျေးရွာက သားမိနှစ်ဦး လက်နက်ကြီးထိမှန်ခဲ့ပြီး မိခင်ဖြစ်သူ သေဆုံးခဲ့သည်။
ပုံစာ – မေလ ၃၁ ရက်တွင်လက်နက်ကြီးထိမှန်မှုကြောင့် ပျက်စီးခဲ့ရသည့် တောင်ခင်ကျေးရွာရှိနေအိမ်မြင်ကွင်း။