စစ်ကောင်စီလေကြောင်းတိုက်မှုကြောင့် ကလေးငယ်တစ်ဦးအပါအဝင် စစ်ရှောင်ပြည်သူ ၄ ဦးသေဆုံး
*******
ယမင်းဖူးပွင့်အောင်
ဇွန် ၅၊ ၂၀၂၄။
စစ်ကိုင်းတိုင်း မြိုင်မြို့နယ်အတွင်းရှိ စစ်ရှောင်ပြည်သူများနေထိုင်နေသည့် ဘုန်းကြီးကျောင်းကို စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ်တစ်ဦးအပါအဝင် ပြည်သူ ၄ ဦးသေဆုံးခဲ့ပြီး အများအပြားဒဏ်ရာ ရရှိခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။
ယမန်နေ့နံနက် ၉ နာရီဝန်းကျင်တွင် ကံမြင့်ကုန်းဘုန်းကြီးကျောင်းဝင်း၌ ကလေးများ စာသင်ကြားနေစဉ် စစ်ကောင်စီ ဂျက်ဖိုက်တာမှ ဗုံး ၃ လုံးခန့် ကြဲခဲ့တာကြောင့် အသက် (၇) နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် အသက် (၄၀) ဝန်းကျင် အမျိုးသမီး (၂) ဦးနှင့် အသက် (၇၀) နှစ်အရွယ် အဖွားအို (၁) ဦး သေဆုံးခဲ့ပြီး ပြည်သူ (၂၀) ကျော် ထိခိုက် ဒဏ်ရာရရှိခဲ့ ခြင်းဖြစ်သည်။
“ကလေးတွေကလည်း စာသင်နေတယ်။ ရေရှည်စစ်ရှောင်ပြည်သူတွေ ရှိတဲ့နေရာကို (စကစ)က လုပ်သွားတာ။ အ လောင်းကောက်တော့ အူထွက်တာတွေ ဘာတွေရှိတယ်” ဟု မြိုင်မြို့နယ်ဒေသခံ (၁) ဦးက သံလွင်ခက်ကိုပြောသည်။
လေကြောင်းတိုက်ခိုက်ပြီးနောက် သေဆုံးသူများကို အနီးရှိသုဿန်တစ်ခုတွင် သင်္ဂြိုလ်နေစဉ် ပခုက္ကူမြို့ပေါ်မှ စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ၎င်းကဆက်ပြောသည်။
“သေတဲ့သူတွေကို သင်္ဂြုလ်တဲ့အချိန်မှာ လက်နက်ကြီးနဲ့ပစ်တော့ မြန်မြန်လူစုခွဲလိုက်ရတယ်။ လောလောဆယ်ရွှေ့ထား ကြတယ်။ အဲဒီ့ကျောင်းမှာတော့ မနေရဲဘူး” ဟု ဆိုသည်။
ထိခိုက်ဒဏ်ရာရရှိသူများအား နီးစပ်ရာဆေးရုံ၊ ဆေးခန်းများတွင် ဆေးကုသမှုခံယူနေကြရသည်ဟု ပခုက္ကူပြည် သူ့ကာကွယ်ရေး- PPDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“လေယာဉ်နဲ့ကြဲချတာ။ ဖျက်အားပြင်းတယ်။ ကြဲချတဲ့ဗုံးတွေက။ သေသွားတဲ့ အမျိုးသမီး (၁) ဦးကတော့ ဘယ်သူ ဘယ်ဝါဆိုတာတောင် ခွဲလို့မရဘူး” ဟု ၎င်းက ပြောသည်။
အဆိုပါ ကံမြင့်ကုန်းဘုန်းကြီးကျောင်းသည် မြိုင်မြို့နယ်နှင့် ပခုက္ကူမြို့နယ်ကြားတွင် တည်ရှိသည့်ကျောင်းတစ်ခုဖြစ်ပြီး စစ်ရှောင်ပြည်သူ ၁၀၀ ကျော်နေထိုင်လျက်ရှိသည်ဟုလည်း ဒေသခံများထံက သိရသည်။
ပြီးခဲ့သည့် ဇွန်လ ၃ ရက်နေ့ကလည်း စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ် မတောကျေးရွာကို စစ်ကောင်စီက လေကြောင်း တိုက်ခိုက်ခဲ့ရာ ပြည်သူ (၂၈) ဦးသေဆုံးပြီး (၆၆) ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ပုံစာ-လေကြောင်းအတိုက်ခံရသည့် ကံမြင့်ကုန်းဘုန်းကြီးကျောင်းမြင်ကွင်း။
ဓာတ်ပုံ – ပေးပို့
****
Telegram – > https://t.me/ThanLwinKhetNews/4733
YouTube -> https://youtu.be/KwSXeUzdSnI?si=IYEm8j7oervYx5q0
Website -> https://thanlwinkhet.net/?p=10372