ရွှေကူဆေးရုံ ဗုံးကြဲခံရမှု ကလေးတစ်ဦးသေဆုံး၊ ထိခိုက်ဒဏ်ရာရသူများရှိ
***********
ထွယ်
ဇွန် ၄၊ ၂၀၂၄။
ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်ရှိ မြို့ကုန်းတိုက်နယ်ဆေးရုံကို စစ်ကောင်စီတပ်က ဇွန်လ ၁ ရက် သန်းခေါင်အချိန်တွင် လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ဆေးရုံနှင့် လူနေအိမ် တစ်ချို့ ပျက်စီးခဲ့ပြီး ၁၀ နှစ်အရွယ်ကလေးတစ်ဦး သေဆုံးကာ ငါးဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများထံက သိရသည်။
သေဆုံးသွားသည့် ကလေး၏ ဖခင်နှင့် ၇ နှစ်အရွယ် ညီဖြစ်သူသည် ခြေထောက် အရိုးပဲ့ဒဏ်ရာရရှိခဲ့ပြီး ကျန်ထိခိုက်ဒဏ်ရာရရှိသူများမှာ ဒဏ်ရာမပြင်းထန်ဟု မြို့ကုန်းဒေသခံတစ်ဦးက ပြောသည်။
၎င်းက “သေသွားတဲ့ ကလေးက ဗိုက်ပွင့်သွားတာ။ သူ့အမေက မီးဖွားတာ မနက်တုန်းက ခွဲမွေးပြီး ညအိပ်စောင့်တဲ့အချိန် မိသားစု လိုက်ထိတာပဲ” ဟုဆက်ပြောသည်။
စစ်ကောင်စီကြဲချသည့် ဗုံးသည် ဆေးရုံရှေ့ရှိ နေအိမ်များကို ထိမှန်ခဲ့ပြီး လူနေအိမ် အနည်းဆုံး လေးလုံး ပျက်စီးခဲ့သည်ဟု ဒေသခံများထံက သိရသည်။
အဆိုပါ နယ်မြေသည် ကချင်လွတ်မြောက်ရေးတပ်မတော် – KIA ၏ တပ်မဟာ ၈ လက်အောက်ခံ တပ်ရင်း – ၅ ၏ စစ်ရေးလှုပ်ရှားရာ ဒေသဖြစ်သည်။
အဆိုပါ မြို့ကုန်းတိုက်နယ်ဆေးရုံသည် အခကြေးငွေ ကောက်ခံခြင်းမရှိဘဲ လူနာများ ထည့်ဝင်သည့် အလှူငွေဖြင့်သာ လည်ပတ်နေသည့် ဆေးရုံဖြစ်သည်။
ထို့ပြင် ယင်းဆေးရုံသည် ရွှေကူမြို့နယ်မှ ဒေသခံများ အပါအဝင် ဗန်းမော်မြို့မြစ်တစ်ဖက်ကမ်းရှိ ကျေးရွာများမှ ဒေသခံများနှင့် ကသာမြို့နယ်ရှိ ဒေသခံများလည်း လာရောက်ဆေးဝါးကုသမှု ခံယူနေသည့် ဆေးရုံဖြစ်သည်ဟု သိရသည်။
စစ်ကောင်စီတပ်သည် ၂၀၂၃ ခုနှစ်၊ ဧပြီလ ၅ ရက်ကလည်း ရွှေကူမြို့နယ်၊ စီသာကျေးရွာကို တိုက်လေယာဥ်ဖြင့် ပစ်ခတ် ဗုံးကြဲသဖြင့် စီသာတိုက်နယ်ဆေးရုံနှင့် စာသင်ကျောင်း အပါအဝင် နေအိမ် ၂၀ ကျော် ပျက်စီးခဲ့သည်။
ပုံစာ – သေဆုံးသွားသည့် ကလေးငယ်နှင့် ထိခိုက်ပျက်စီးသွားသည့် ဆေးရုံနှင့် နေအိမ်များ။
***
Telegram – > https://t.me/ThanLwinKhetNews/4638
YouTube -> https://youtu.be/GnioR2lu5vA
Website -> https://thanlwinkhet.net/?p=10102