ရှမ်းမြောက်တွင် သတ္တုတွင်းပြန်လည်ပတ်ရန် အလုပ်သမားများပြန်လည်ခေါ်ယူမည်ဟု သိရ
********
ယမင်းဖူးပွင့်အောင်
ဇွန် ၁၊ ၂၀၂၄။
ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့နယ် ဘော်တွင်းဒေသတွင် လာမည့်လအတွင်း လုပ်ငန်းများပြန်လည်စတင်ရန် အလုပ်သမားများ ပြန်လည်ခေါ်ယူနေသည်ဟု ဒေသခံများထံက သိရသည်။
ဘော်တွင်းသတ္တုတွင်းတွင် ယခင်က လုပ်ကိုင်ခဲ့ဖူးသည့် နယ်ဝေးမှ အလုပ်သမားများကို ပြန်လည်ခေါ်ယူနေခြင်းဖြစ်သည်ဟု နမ္မတူဒေသခံ ၁ဦးက သံလွင်ခက်ကိုပြောသည်။
၎င်းက “စစ်ဖြစ်ပြီးမှရပ်သွားတာလေ။ စစ်ဖြစ်တုန်းက ပြန်သွားတဲ့အရင်က အလုပ်သမားတွေ ၆လပိုင်းမှာ ပြန်ခေါ်မယ်လို့တော့ကြားတယ်။ တရားဝင်တော့ စာမထုတ်သေးဘူး”ဟု ပြောသည်။
ပြီးခဲ့သည့် ၂၀၂၃ခုနှစ် အောက်တိုဘာ ၂၃ ရက်တွင် မြောက်ပိုင်းညီနောင်မဟာမိတ် ၃ဖွဲ့က ၁၀၂၇ စစ်ဆင်ရေးကိုစတင်ခဲ့ပြီးနောက် ရှမ်းပြည်နယ်မြောက်ပိုင်း၌ စစ်ကောင်စီနှင့် ညီနောင်မဟာမိတ် ၃ဖွဲ့တို့ကြား တိုက်ပွဲများပြင်းထန်ခဲ့သည့်အတွက် လုပ်ငန်းများရပ်နားခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် ပြည်နယ်အသီးသီးမှ နမ္မတူမြို့သို့ လာရောက်လုပ်ကိုင်သည့် သတ္တုတွင်းအလုပ်သမားများသည် မိမိနေရပ်သို့ ပြန်သွားကြခြင်းဖြစ်သည်။
လွန်ခဲ့သည့် ရက်ပိုင်းက တရုတ်စီးပွားရေးလုပ်ငန်းရှင်အချို့နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်-TNLA မှ တာဝန်ရှိသူများက သတ္တုတွင်းသို့လာရောက်ခဲ့ကြသည်ဟု နောက်ထပ် ဒေသခံအမျိုးသား ၁ဦးက ဆိုသည်။
၎င်းက “သူတို့ဝင်ထွက်သွားလာနေတာတော့ အရင်ရက်ပိုင်းတွေကတွေ့တယ်။ တရုတ်တွေ ပါမှာပဲဗျ။ ဘာလို့လဲဆိုတော့ တရုတ်တွေက စိတ်ဝင်စားနေတာကိုး။ ဝင်းမြင့်မိုရ်ကုမ္ပဏီက ဌာနေကုမ္ပဏီလိုဖြစ်နေတာ။ သူတို့က အထိုင်ပဲ။ သူတို့ကပဲ တခြားကုမ္ပဏီတွေကို ရှယ်ယာခေါ်တာ။ အခွန်ကတော့ ၂ဘက်လုံးကိုပေးရမှာပဲ။ စစ်ကောင်စီနဲ့လည်း ၅နှစ် သက်တမ်းသွားတိုးထားတယ်လို့ကြားတယ်။ ပြန်စဖို့တော့ မခဲယဉ်းဘူး။ ကုန်ထုတ်လမ်းကြောင်း အဆင်ပြေရင် ပြန်စမယ့်သဘောတော့ရှိတယ်” ဟုပြောသည်။
မြေရှားသတ္တုလုပ်ငန်းကို စမ်းသပ်ရှာဖွေတိုင်းတာခြင်း၊ တူးဖော်ထုတ်လုပ်ခြင်း၊ အသေးစားထုတ်လုပ်ခြင်းနှင့် အကြီးစားထုတ်လုပ်ခြင်းလုပ်ငန်းများအား မည်သည့်လုပ်ငန်းရှင် တစ်ဦးတစ်ယောက်မှ လုပ်ကိုင်ဆောင်ရွက်ရန် ခွင့်ပြုမည်မဟုတ်ဟု TNLA က ယနေ့တွင် ထုတ်ပြန်သည်။
တအာင်းပြည်နယ်အတွင်းရှိ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရေးအတွက် စီမံချက်လုပ်ငန်းများပြင်ဆင်ဆောင်ရွက်နေဆဲကာလဖြစ်သဖြင့် ခွင့်မပြုရခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
ယမန်နေ့ကလည်း တအာင်းပြည်နယ်အတွင်းရှိ မိဘပြည်သူများ၏ ရေရှည်အကျိုးစီးပွား ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကာကွယ်ထိန်းသိမ်းရေးအတွက် ယခင်မြန်မာအစိုးရလက်ထက် သက်ဆိုင်ရာဌာနအသီးသီးတွင် ခွင့်ပြုမိန့်၊ လိုင်စင်ရယူပြီး လည်ပတ်လျက်ရှိသည့် တအာင်းပြည်နယ်အတွင်းရှိ သတ္တုလုပ်ငန်း၊ အခြားပုဂ္ဂလိက လုပ်ငန်းများကို ယာယီရပ်ဆိုင်းထားရမည်ဖြစ်ပြီး နိုဝင်ဘာ ၃၀ မတိုင်ခင်နောက်ဆုံးလျှောက်ထားရမည်ဟု TNLA က ထုတ်ပြန်ထားသေးသည်။
အဆိုပါ ကိစ္စများနှင့်ပတ်သက်၍ သံလွင်ခက်က TNLA ထံ ဆက်သွယ်မေးမြန်းသော်လည်း ဆက်သွယ်၍ မရခဲ့ပေ။
ပြီးခဲ့သည့် ဒီဇင်ဘာ ၂၈ ရက်တွင် တအာင်းအမျိူးသားလွတ်မြောက်ရေးတပ်မတော်-TNLA က နမ္မတူမြို့ကို သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။
Photo – Crd