ကျောက်တံခါးက သားမိနှစ်ဦး လက်နက်ကြီးထိမှန်၊ မိခင်ဖြစ်သူသေဆုံး
********
မေသံလွင်။
ဇွန် ၁ ၊ ၂၀၂၄။
စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပစ်ခတ်လိုက်သည့် လက်နက်ကြီးထိမှန်မှုကြောင့် ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ တောင်ခင်ကျေးရွာက သားမိနှစ်ဦး လက်နက်ကြီးထိမှန်ခဲ့ပြီး မိခင်ဖြစ်သူ သေဆုံးခဲ့သည်ဟု ဒေသခံများထံက သိရသည်။
ပြီးခဲ့သည့် မေလ ၃၁ ရက် ည ၁၀ နာရီကျော်အချိန်တွင် ပိန်းဇလုပ်အခြေစိုက် စစ်ကောင်စီ ခြေလျင်တပ်ရင်း (ခလရ-၂၆၄)မှ တပ်ဖွဲ့ဝင်များက တောင်ခင်ကျေးရွာအတွင်းသို့ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။
ပစ်ခတ်လိုက်သည့် လက်နက်ကြီး ထိမှန်မှုကြောင့် တောင်ခင်ကျေးရွာနေ အသက် ၃၆ နှစ်အရွယ် အမျိုးသမီးတစ်ဦးနှင့် အသက် ၇ နှစ်အရွယ် ကလေးငယ်တစ်ဦး စသည့် သားမိနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီးနောက် မိခင်ဖြစ်သူ သေဆုံးခဲ့သည်ဟု ဒေသခံများထံက သိရသည်။
ဒေသခံ တစ်ဦးက ” ကျတာက ဘေးကအိမ်ကိုကျတာ ၊ အိမ်က ကပ်လျက် ၊ သူတို့က သူတို့အိမ်အောက်မှာနေတာ သူတို့လည်း ဗုံးကျင်းနဲ့ပဲ ဒါပေမယ့် ကျင်းက နိမ့်တော့ အစတွေက လာမှန်တာပေါ့ သေသွားတဲ့ကောင်မလေးကလည်း ဒဏ်ရာကြောင့်လည်းပါတယ် “ဟု ဆိုသည်။
ထိုကဲ့သို့ တောင်ခင်ကျေးရွာက ဒေသခံများထိခိုက်သေဆုံးခဲ့သည့်အပြင် ကျေးရွာရှိ နေအိမ်တချို့လည်း ပျက်စီးခဲ့ရသည်ဟု ဒေသခံများထံမှ သိရသည်။
ညောင်လေးပင်မြို့အခြေစိုက် ခမရ – ၂၀၊ ပိန်းဇလုပ် အခြေစိုက် ခလရ – ၂၆၄ ၊ ပဲနွယ်ကုန်းမြို့၊ ရွှေဝါကျေးရွာ အခြေစိုက် ခမရ – ၃၀၇ စသည့် စစ်ကောင်စီတပ်များက ကျောက်တံခါးမြို့နယ်အတွင်းရှိကျေးရွာများနှင့် စစ်တောင်းမြစ်ကမ်းနဖူးရှိကျေးရွာများကို လက်နက်ကြီးဖြင့် နေ့စဉ်နီးပါး ပစ်ခတ်နေခြင်းဖြစ်သည်။
အာဏာသိမ်း ၃ နှစ်တာ ကာလအတွင်း ကျောက်တံခါးမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှုများကြောင့် သေဆုံးခဲ့ရသည့် ပြည်သူ ၂၉ ဦးထိရှိသည်ဟု မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ – ပအဖ က ကောက်ယူထားသည့် စာရင်းများအရ သိရသည်။