စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် စစ်တွေ ဗျိုင်းဖြူ ကျေးရွာသားများ သေဆုံးမှုရှိ
********
ခင်သရဖီဦး
ဇွန် ၁၊ ၂၀၂၄။
မေလ ၂၉ ရက်က ရခိုင်ပြည်၊ စစ်တွေမြို့နယ်၊ ဗျိုင်းဖြူကျေးရွာ ဒေသခံတချို့ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပစ်သတ်ခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဒေသခံတချို့အား ရွာထဲ၌ ပစ်သတ်ခဲ့ခြင်းဖြစ်သည်ဟု ဗျိုင်းဖြူရွာမှ အမျိုးသမီးတစ်ဦးက ဆိုသည်။
၎င်းက” ကျမတို့ မိသားစုထဲက အတိအကျတော့ နှစ်ယောက် အသတ်ခံရတယ်လို့ ပြောတယ်။ ရွာက လမ်းမှာ ပစ်သတ်ခံခဲ့ရတာပါ” ဟုဆိုသည်။
ဒေသခံ ၂၀ နီးပါးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပစ်သတ်ထားသည်ဟု ဒေသခံများထံမှ သိရှိရသော်လည်း သေဆုံးမှုနှင့်ပတ်သက်၍ သံလွင်ခက်သတင်းဌာနအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။
ဖမ်းဆီးခံရသူများအား မျက်နှာဖုံးစွပ်၍ ခေါ်ဆောင်သွားပြီး မည်သည့်နေရာကို ခေါ်ဆောင်သွားကြောင်း မသိရသေးပေ။
စစ်တွေဒေသခံ တစ်ဦးက “ကျေးတောရွာ၊ ရွှေပြည်သာ၊ ဗျိုင်းဖြူရွာတွေကို စစ်တပ်က ဝင်ပြီး AA ရှိလား၊ AA ဘယ်မှာ နေတာလဲ မေးပြီး တွေ့သမျှ လူ ဖမ်းတယ်။ ရိုက်တယ်။ ပစ်သတ်တဲ့လူကို ပစ်သတ်တယ်လို့ သိရတယ်။ အပြင်လည်း မထွက်တော့ သေတဲ့လူ အတိအကျတော့ မသိဘူး” ဟု ဆိုသည်။
ယနေ့ နံနက်ပိုင်းတွင် အမျိုးသမီးများနှင့်ကလေးငယ်များအား ပြန်လွှတ်ပေးပြီး ကျေးရွာတွင်လည်း မနေထိုင်ရန် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပြောခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။
ဒေသခံ အမျိုးသမီးတစ်ဦးက ” အမျိုးသမီးတွေနဲ့ ကလေးတွေကို ရွာကနေ ကားမှာ တင်လာပြီး ဘုရားကြီး ကွင်းမှာ ချထားခဲ့တယ်လို့ ပြောပါတယ်။ ရွာမှာ မနေရတော့ဘူး ပြောတယ်။ ရွာမှာ နေခွင့်မပေးတော့ဘူး သိရတယ်။ သွားချင်တဲ့နေရာ သွားကြဆိုပြီး ကားနဲ့ လာချတာပေါ့” ဟုဆိုသည်။
စစ်ကောင်စီတပ်အနေဖြင့် စစ်တွေမြို့နယ်အတွင်း ယခု မေလအတွင်း လူပေါင်း ရာနှင့်ချီ ဖမ်းဆီးနေခြင်းလည်း ဖြစ်သည်။
ပုံစာ – စစ်ကောင်စီတပ်ဖွဲ့ဝင်များ။ ( ပုံ/ အဟောင်း)