တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PSLF/TNLA ဗိုလ်မှူးချုပ်တာဘုန်းကျော်နှင့်ဆက်သွယ်မေးမြန်းချက်။
မေး။ နွေဉီးတော်လှန်ရေးနဲ့ပတ်သက်ပြီး TNLA ရဲ့နိုင်ငံရေးဉီးတည်ချက်ကဘာလဲ?
ဖြေ။ ။နွေဦးတော်လှန်ရေးဟာ လက်ရှိရင်ဆိုင်နေရတဲ့ စစ်အာဏာရှင်အမြစ်ပြတ်ချေမှုန်းရေးအတွက် အရေးကြီးတဲ့ တော်လှန်ရေးတရပ်ဖြစ်တယ်။ နွေဦးတော်လှန်ရေးမှာ ဦးဆောင်နေကြတဲ့သူတွေ အင်အားစုအသီးသီးရဲ့ မတူထူးခြားတဲ့လုပ်နိုင်စွမ်းအားကို စုစည်းရယူပြီး တကယ့်အဆုံးဖြတ်ပေးနိုင်တဲ့ တော်လှန်ရေးတိုက်ပွဲဖော်ဆောင်နိုင်ဖို့ ကြိုးပမ်းရပါမယ်။
နွေဦးတော်လှန်ရေးကို တိုင်းရင်းသားအမျိုးသားလွတ်မြောက်ရေးတိုက်ပွဲနဲ့ ဟန်ချက်ညီပေါင်းစပ်နိုင်ဖို့ ကြိုးပမ်းသင့်ပါတယ်။ နွေဦးတော်လှန်ရေးဟာ မြန်မာပြည်တိုင်းရင်းသားပြည်သူအားလုံးအတွက် တကယ်အရေးကြီးတဲ့ တော်လှန်ရေးအဆုံးအဖြတ်အချိုးအကွေ့ကြီးဖြစ်ပါတယ်။
မေး။ ။ စစ်ကောင်စီရဲ့ လေကြောင်းထိုးစစ်တွေအတွက် TNLA အနေနဲ့ ဘယ်လိုပြင်ဆင်ထားပါသလဲ?
ဖြေ။ ။ကိုယ့်တပ်ဖွဲ့ဝင်တွေနဲ့ ကိုယ့်ပြည်သူလူထုကို ကတုတ်ကျင်းတွေတူးထားပြီး အကာကွယ်အတွက်ပြင်ဆင်ကြရပါတယ်။ တော်လှန်ရေးသတိရှိရှိနဲ့ ရန်သူရဲ့လေကြောင်းရန်ကနေ ကင်းဝေးအောင် လေ့ကျင့်နေထိုင်ရင်း တော်လှန်ရေးအလုပ် လုပ်နေကြရပါတယ်။
မေး။ ။ ရှမ်းပြည်နယ်အတွင်းမှာရှိတဲ့ စစ်ကောင်စီရဲ့ ယန္တရားတွေကို ဘယ်လိုဖိအားပေးမလဲ?
ဖြေ။ ။တအာင်းဒေသတွင်းမှာ လက်နက်ကိုင်အဖွဲ့အစည်းတွေ ပြည်သူ့စစ်တွေ များတဲ့အတွက်စစ်ကောင်စီရဲ့ ယန္တရားတွေကို တကယ်ထိထိရောက်ရောက် ဖိအားပေးဖို့မလွယ်ပါ။
စစ်ကောင်စီကလည်း ဒေသခံတိုင်းရင်းသားနဲ့စီးပွားရေးသမားတချို့ကို လက်နက်တပ်ဆင်ထားပေးတဲ့အတွက် ပိုခက်ခဲပါတယ်။ ခုလောလောဆယ်တော့ တတ်နိုင်တဲ့ ထိရောက်မှုရှိမယ်ထင်တဲ့ဟာပဲ လိုအပ်သလိုဖော်ဆောင်နေပါတယ်။
မေး။ ။ လေကြောင်းထိုးစစ်တွေကို အားပြုနေတဲ့ စစ်ကောင်စီရဲ့ထိုးစစ်နဲ့ပတ်သက်ပြီး NUG ကို ဘယ်လိုအကြံပေးချင်လဲ?
ဖြေ။ ။ လေကြောင်းထိုးစစ်ကို တန်ပြန်နိုင်မယ့်အစီအစဉ်တွေ စနစ်တကျဖော်ဆောင်သင့်ပါတယ်။ သူတို့ရဲ့ လေကြောင်းစစ်ဆင်ရေးရဲ့ အဓိက ကဒေါက်တိုင်တွေကို စနစ်တကျသိရှိခွဲခြမ်းစိတ်ဖြာပြီး အားနည်းပျက်စီးအောင်လုပ်ဖို့ ကြိုးပမ်းသင့်ပါတယ်။ သူတို့လေကြောင်းရန်ကနေ အတတ်နိုင်ဆုံးလွတ်ကင်းမယ့် ကာကွယ်ရေးအစီမံတွေ ပြင်ဆင်လေ့ကျင့်ထားသင့်ပါတယ်။
မေး။ ။ TNLA နဲ့ NUG ရဲ့ဆက်ဆံရေး က ဘယ်လိုရှိလဲ?
ဖြေ။ ။ ထိုက်သင့် ညီညွတ်တဲ့ ဆက်ဆံရေးရှိပါတယ်။ NUG၊ NUCC တို့ရဲ့ နွေဦးတော်လှန်ရေးအတွင်းထဲ တိုက်ရိုက်ပါဝင်ခြင်းမရှိပေမယ့် နွေဦးတော်လှန်ရေးတပ်ဖွဲ့ဝင်တွေရဲ့ တော်လှန်ရေးကြိုးပမ်းဖော်ဆောင်နေမှုကို တန်ဖိုးထားလေးစားပါတယ်။ သူတို့တွေ အားပိုကောင်းအောင်လည်း စွမ်းနိုင်တဲ့ဘက်ကနေ အားပေးနေပါတယ်။
မေး။ ။စစ်ကောင်စီက တိုင်းရင်းသားတွေအပေါ်ပြုမူနေတဲ့ပုံစံကနေ့တိုင်းလိုလိုဖြစ်နေတဲ့အပေါ်မှာTNLA ဘယ်လိုတွေပူးပေါင်းပါဝင်ဖို့ရှိပါသလဲ။
ဖြေ။ ။ အတတ်နိုင်ဆုံး နည်းလမ်းရှာကြိုးပမ်းနေပါတယ်။ တအာင်းတပ်မတော်က မြန်မာ့တပ်မတော်နဲ့ အပြင်းအထန်တိုက်ပွဲတွေဖြစ်ပွားပြီး ဖိနှိပ်မှုအမျိုးမျိုးကို ဆယ်စုနှစ်ကြာခံလာခဲ့ရတာပါ။ ဒေါ်အောင်ဆန်းစုကြည် တို့ NLDအစိုးရ လက်ထက်မှာလည်း တိုက်ပွဲဖိအားဒဏ်ကို ခါးသီးစွာ ရင်ဆိုင်ခဲ့ရတာပါ။ အခု မြန်မာစစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အာဏာရှင်ကို ဝိုင်းတိုက်တဲ့အင်အားများလာတော့ ပိုအားရှိပါတယ်။ တော်လှန်ရေးအတွက် ပူးပေါင်းဆောင်ရွက်မှု အားကောင်းအောင် အားလုံးကြိုးပမ်းနေကြပါတယ်။
မေး။ ။ စစ်ကောင်စီက လေကြောင်းနဲ့တိုက်ခိုက်နေတဲ့အပေါ်မှာဘယ်လိုပြောချင်လဲ။
ဖြေ။ ။အဖက်ဖက်က စစ်ရေးဖိအားတွေကြောင့် မြေပြင်ကြည်းကြောင်းစစ်ဆင်ရေးတွေ လုပ်ဖို့ခက်ခဲလာတော့ သူတို့မှာရှိတဲ့ လေကြောင်းကို ပိုအားကိုးလာတဲ့သဘောပါ။
မေး။ ။ စစ်ကောင်စီရဲ့လုပ်ရပ်ကို NUG ၊ PDF နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေပူးပေါင်းပြီး ဘယ်လိုလုပ်ဆောင်သင့်တယ်လို့မြင်လဲ။
ဖြေ။ ။ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတွေ၊ NUG ရော PDF အပါအဝင် တော်လှန်ရေးအင်အားစုတွေအားလုံး တော်လှန်ရေးအောင်မြင်နိုင်မယ့် သော့ချက်ကိုသေချာသိနေကြပါပြီ။ ဒီတော့ အချိန်ကုန် ဘတ်ဂျတ်ဖြုန်းမယ့်အလုပ်တွေလျှော့နိုင်သမျှလျှော့ပြီး လက်တွေ့အလုပ်တွေ စုစုစည်းစည်းနဲ့အကောင်အထည်ဖော်သင့်ပါပြီ။
စစ်ရေး၊ နိုင်ငံရေး တွေကို ဗျူဟာကျကျ အလုပ်လုပ်ဖို့ကို ရည်ရွယ်တာပါ။ တိုက်ပွဲဖော်တာဖြစ်ဖြစ် နိုင်ငံရေးသဘောတူညီချက်တစ်ခုခု ရအောင်လုပ်တာဖြစ်ဖြစ် တကယ်ဗျူဟာကျကျ ဦးတည်ချက်၊ လက်တွေ့အလုပ်၊ လုပ်ကိုင်တဲ့နည်းဗျူဟာတွေ မမှန်ရင် လိုချင်တဲ့ရလာဒ်၊ အများလက်ခံတဲ့ရလာဒ် ဘယ်ရနိုင်မလဲ။ လုပ်ပြီး လိုချင်တဲ့ရလာဒ်မရရင် အချိန်၊ ဘတ်ဂျတ်၊ အင်အား ဖြုန်းတာပေါ့။
မေး။ ။တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်အနေနဲ့ ပြီးခဲ့တဲ့ ၂၃ရက်နေ့ကဖြစ်သွားတဲ့ ကချင်ပြည်နယ်ကိစ္စအပေါ်ဘယ်လိုမြင်လဲသုံးသပ်ပေးပါ။
ဖြေ။ ။ စစ်အားဏာရှင်က စစ်အာဏာရှင် အလုပ်ကို လူသားဆန်မှုကင်းမဲ့စွာ ထပ်လုပ်ပြနေတဲ့လုပ်ရပ်ပါ။ တော်လှန်ရေးအင်အားစုတွေက တော်လှန်ရေးသတိ ပိုကြီးမားဖို့ လိုအပ်တယ်ဆိုတာ အကောင်းဆုံး သင်ခန်းစာတရပ်ပါ။
မေး။ ။ စစ်ကောင်စီကို တိုက်ထုတ်နိုင်ဖို့ အဓိက သော့ချက် က ဘာဖြစ်မလဲ။
ဖြေ။ ။ အခုလက်ရှိ စစ်ရေးတွေကို ပိုမိုထိရောက်အောင်အရှိန်မြှင့်လုပ်ဆောင်သင့်ပါတယ်။ နိုင်ငံရေးအခြေခံဦးတည်ချက်တွေ ဆန့်ကျင်ဘက် ကွဲလွဲတာမျိုးမဖြစ်စေဘဲ အတတ်နိုင်ဆုံး ဘုံသဘောတူညီချက်တွေ စုစည်းရယူပြင်ဆင်သင့်ပါတယ်။ စစ်ရေးနဲ့နိုင်ငံရေး ဟန်ချက်ညီညီ ဖော်ဆောင်နိုင်ဖို့ လိုအပ်ပါတယ်။
နွေဦးတော်လှန်ရေး အမြန်အောင်မြင်ပါစေ။ စစ်အာဏာရှင်ကျဆုံးပါစေ။ အဲဒီလိုဖြစ်လာဖို့ တော်လှန်ရေးအသိရှိရှိ တာဝန်သိသိ အားလုံးလုပ်ဆောင်ကြပါစို့လို့ပဲ ပြောချင်ပါတယ်။