မြို့ချောင်း-စိန်ကန့်လန့် ရိုးမတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၅ ဦးသေဆုံး
******
သဇင်
မေ ၃၁၊၂၀၂၄။
ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ မြို့ချောင်း – စိန်ကန့်လန့် ရိုးမဖြတ်လမ်းပေါ်တွင် ၄ ရက်ကြာတိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၅ ဦး သေဆုံးခဲ့သည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်များထံက သိရသည်။
ပြီးခဲ့သည့် မေလ ၂၆ ရက်ကစပြီး မြို့ချောင်းမှ မြို့ချောင်း – စိန်ကန့်လန့် ရိုးမဖြတ်လမ်းပေါ်သို့ စစ်ကြောင်းထိုးဝင်ရောက်လာသော စစ်ကောင်စီတပ်သားများကို သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ ၏ ဗျူဟာစစ်ကြောင်းက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာမှ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
မေလ ၂၆ ရက်တွင် အင်အား ၇၀ ခန့်ပါဝင်သော စစ်ကားများသည် မြို့ချောင်း-စိန်ကန့်လန့်ရိုးမဖြတ်လမ်း ၁၂ မိုင်ကိုတက်လာသော စစ်ကောင်စီယာဉ်တန်းကို စတင်မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦး သေဆုံးခဲ့သည်။
ထို့နောက် မေလ ၂၇ ရက် နေ့လယ် ၁၂နာရီခန့်တွင် မြို့ချောင်း – စိန်ကန့်လန့်ရိုးမလမ်းပေါ် ၁၇ မိုင်သို့ရောက်ရှိလာသော စစ်ကား ၆ စီးနှင့် ခြေလျင်တပ်ဖွဲ့ဝင်များကို ပဒေသာမိုင်း ၃ လုံးဖြင့် ထပ်မံမိုင်းဆွဲခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦး နေရာတင်ပွဲချင်းပြီးသေဆုံးပြီး ဒဏ်ရာရရှိသူများလည်း ရှိခဲ့သည်ဟု သိရသည်။
မေလ ၂၈ ရက် မွန်းလွဲ ၁ နာရီခန့်တွင် ၁၈ မိုင်အနီးရှိ PDF ကင်းစခန်းတစ်ခုအား အင်အားအလုံးအရင်းဖြင့် ဦးတည်လာသောစစ်ယာဉ်တန်းကို ကင်းစခန်းမရောက်ခင် ပဒေသာမိုင်း ၆ လုံး မိုင်းဆွဲတိုက်ခိုက်ခဲ့သည်။
မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ၁၂ ဦးသေဆုံးပြီး ၆ ဦးဒဏ်ရာရရှိခဲ့သည်။
စစ်ကောင်စီဘက်က အထိနာသည့်အတွက် တော်လှန်ရေးတပ်ဖွဲ့ဝင်များအား လက်နက်ကြီး၊ စက်လက်များအပါ အဝင် ဒရုန်းများအသုံးပြုတိုက်ခိုက်ခဲ့သောကြောင့် ကင်း စခန်းမှ ဆုတ်ခွာပေးခဲ့ရသည်ဟု သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅က သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက သံလွင်ခက်ကိုပြောသည်။
“သူတို့ဘက် အင်အားအရမ်းများတော့ ကျွန်တော်တို့ဘက်က စခန်းဆုတ်ပေးလိုက်ရတယ်။ အင်အားမမျှတဲ့အတွက် အဲ့ဒီမှာ ကျွန်တော်တို့ ရဲဘော်တစ်ယောက်ကျတယ်။ တစ်ယောက်ကအရှင် အဖမ်းခံရတယ်။ အဲ့တစ်ယောက်ကိုလည်း သူတို့သတ်ပစ်ဖို့များပါတယ်”ဟု ဆိုသည်။
ထို့အပြင် ရဲဘော် ၂ ဦးလည်းထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လက်လုပ်သေနတ် ၃ လက်နှင့် ရှေ့ဆက်မိုင်း ၄ လုံး ဆုံးရှုံးခဲ့သည်ဟု ဆိုသည်။
မေလ ၂၉ ရက် မနက် ၁၁ နာရီခန့်တွင်လည်း မြို့ချောင်း – စိန်ကန့်လန့်လမ်းပေါ်ရှိ ၁၉ မိုင်တွင် တော်လှန်ရေးအဖွဲ့များ ထပ်မံမိုင်းဆွဲမှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၇ ဦးသေခဲ့ပြီး ဒဏ်ရာရရှိသူများပြားခဲ့သည်ဟု ကာကွယ်ရေးရဲဘော်တစ်ဦးကဆိုသည်။
“ အဲ့မှာ ၁၇ ဦးသေတော့ Faw ကားနဲ့ အလောင်းတွေကို ထပ်ပြီးသယ်သွားပြီးတော့ ၁၂မိုင်ကို ပြန်ဆုတ်တယ်။ အဲ့ဒီရောက်မှ အလောင်းတွေကို နာရေးကားနဲ့ သယ်သွားတာ”ဟုဆိုသည်။
ရိုးမဖြတ်လမ်းပေါ်ရှိ လေးရက်တာတိုက်ပွဲအတွင်းစစ်ကောင်စီတပ်သား ၃၅ ဦးသေဆုံးခဲ့ပြီး တိုက်ပွဲထပ်မံဖြစ်ပွားလာနိုင်သည့်အတွက် ပြည်သူများအားရိုးမအတွင်း ဖြတ်သန်းသွားလာမှုမပြုကြရန် သတိပေးပြောဆိုထားသည်။
ဓာတ်ပုံ – ပေးပို့။
ပုံစာ-သာယာဝတီခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ။