ကျောက်တံခါးမြို့နယ်၏ စစ်မှုထမ်းအမည်ပေါက်စာရင်းထဲ ကျောင်းသားများပါဝင်နေ
******
မေသံလွင်
မေ ၃၁၊ ၂၀၂၄။
ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်တွင် စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်းဥပဒေအရ စစ်မှုထမ်းရန် အမည် ပေါက်စာရင်းထဲ ကျောင်းသားများလည်း ပါဝင်နေသည်ဟု ဒေသခံများထံက သိရသည်။
ကျောက်တံခါးမြို့နယ်တွင် ယခုတစ်ပတ်အတွင်း စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူးများက စစ်မှုထမ်းရန် အမည်ပေါက်စာရင်းများ အိမ်တိုင်ရာရောက် လိုက်လံအသိပေးနေခြင်းဖြစ်သည်။
ကျောက်တံခါးမြို့ ဒေသခံ ၁ ဦးက ” သူတို့ ဒီရက်ပိုင်းအတွင်း လိုက်ပြီးအသိပေးနေတာ။ အဲ့ထဲမှာ ကျောင်း သားတွေပါလို့သွားပြောတော့ လိုအပ်ရင် စစ်မှုထမ်းပြီးမှကျောင်းတက်ဖို့ ပြောတယ်။ ဒါ သူတို့ပြဋ္ဌာန်းထား တဲ့ဥပဒေကိုမလိုက်နာဘဲ လုပ်ချင်တာလုပ်နေတာ ” ဟုဆိုသည်။
စစ်မှုထမ်းရန် အမည်ပေါက်စာရင်းတွင် ကျောင်းသားများပါဝင်နေသည့်အပြင် အသက် ၃၅ နှစ်ကျော်လွန် ပြီးသူများလည်းပါဝင်နေသည်ဟု ဒေသခံများထံကသိရသည်။
ထို့ပြင် ကျောက်တံခါးမြို့နယ် ၊ ရင်းတိုက်ကုန်းကျေးရွာက အုပ်ချုပ်ရေးမှူးကလည်း စစ်မှုထမ်းရန် အမည် ပေါက်စာရင်းထဲပါဝင်နေသူများကို အတင်းအကြပ်ဖိအားပေးစေခိုင်းမှုများလည်းရှိသည်ဟု ဒေသခ ၁ ဦးက ဆိုသည်။
၎င်းက “အမည်ပေါက်စာရင်းထဲပါတဲ့ အယောက် ၃၀ ကို မြို့နယ်ထွေအုပ်ရုံးမှာ အစည်းအဝေးတက်ဖို့ ပြော ထားတာ။ မတက်တဲ့သူတွေကို အရေးယူမယ်ဆိုပြီးပြောထားတာ” ဟုဆိုသည်။
ကျောက်တံခါးမြို့နယ်၊ ဖဒိုဒေသတွင်လည်း ယခုရက်ပိုင်းအတွင်း စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေး မှူးများနှင့် စာရေးမများက ပြည်သူများ၏နေအိမ်များကိုဓာတ်ပုံရိုက်ကာ စစ်မှုထမ်းရန် လူခေါ်ဆောင်မည့် အပြင် စစ်မှုထမ်းစရိတ်အဖြစ် တစ်အိမ်ထောင်လျှင် ငွေကျပ် ၃၀,၀၀၀ ကောက်ခံလျက်ရှိသည်ဟု ဒေသခံ များထံက သိရသည်။
နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ – နအဖ လက်ထက်တွင်ဥပဒေပြုခဲ့သည့် ပြည်သူ့ စစ်မှုထမ်းဥပဒေကို ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၀ ရက်တွင် စစ်ကောင်စီကပြန်လည် ပြဋ္ဌာန်းခဲ့ခြင်းဖြစ်သည်။
ဥပဒေပြဋ္ဌာန်းပြီးနောက် စစ်မှုထမ်းဥပဒေအတွက် နည်းဥပဒေ (စတုတ္ထအကြိမ်မူကြမ်း)အဆင့်ထိ ရေးဆွဲ ထားပြီးဖြစ်သည်ဟု ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး တင်အောင်စန်း က ယခု မေလတတိယပတ်ထဲတွင် ပြောကြားခဲ့သည်။
အဆိုပါနည်းဥပဒေထဲတွင် ပညာသင်ကြားနေသူများအား စစ်မှုထမ်းရန်ရွှေ့ဆိုင်းခွင့်ရှိသူများအဖြစ် ထည့် သွင်းထားသော်လည်း အုပ်ချုပ်ရေးမှူးများကောက်ယူရာတွင်မူ ပညာသင်ကြားနေသည့် ကျောင်းသားများ လည်း ပါဝင်နေခြင်းဖြစ်သည်။
လက်ရှိတွင် စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ် – ၂ အထိဖွင့်လှစ်ထားပြီး သင်တန်း အမှတ်စဉ် ၃ ဖွင့်လှစ်နိုင်ရန် အမည်စာရင်းများထပ်မံ ကောက်ယူနေခြင်းဖြစ်သည်။
ပုံစာ – ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် ၂ သင်တန်းဖွင့်ပွဲပြုလုပ်နေသည့် မြင်ကွင်း။