ထပ်မံစစ်ရှောင်နေရသည့် လေးကေ့ကော်စစ်ရှောင်များ အခြေခံစားနပ်ရိက္ခာလိုအပ်
******
နန်းဆုပန်ခန့်
မေ ၃၀၊ ၂၀၂၄။
ဒုတိယအကြိမ်စစ်ရှောင်နေရသည့် ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် လေးကေ့ကော်မြို့သစ် ဒေသခံများအတွက် အခြေခံစားနပ်ရိက္ခာများလိုအပ်နေသည်ဟု စစ်ရှောင်များနှင့် တာဝန်ရှိသူများထံကသိရသည်။
ဒုတိယအကြိမ်ထွက်ပြေးနေရသည့် လေးကေ့ကော်ဒေသခံတချို့သည် အခြေခံစားနပ်ရိက္ခာများဖြစ်သည့် ဆန်၊ ဆီများလိုအပ်လျက်ရှိသည်ဟု စစ်ရှောင်တာဝန်ရှိသူတစ်ဦးက သံလွင်ခက်ကို ပြောသည်။
၎င်းက “ အခက်အခဲကတော့ ဆန်နဲ့ဆီအဓိကပေါ့၊ အဲ့ဒါလေးတော့နည်းနည်းအခက်အခဲရှိတယ်၊ အဆောက်အအုံတွေကို ဝါးတိုင်ထောင်ပြီးတော့ မိုးကာ (တာလပတ်) မိုးတယ်၊ အကာကျတော့လည်း မိုးကာကာတယ်၊ အောက် ခင်းကတော့ ကွန်ကရစ်တွေခင်းတဲ့ ပျဉ်ခင်းလေးတွေပေါ့။ အဲ့ဒါလေးတွေ တစ်မိသားစုကို လေးပေပတ်လည် လေးချပ်ပေးတာပေါ့။ လောလောဆယ် အဲ့ဒါတွေချည်း
ပဲနေဖြစ်တာပေါ့” ဟု ဆိုသည်။
ယခုလက်ရှိ ရက်သတ္တပတ်အတွင်း မိုးရွာသွန်းမှုများလာသောကြောင့် စစ်ရှောင်ကာစ ထီးမယ်ဝါးခီး ဘုန်းကြီး ကျောင်းအတွင်းနေထိုင်နေသည့် လေးကေ့ကော်ဒေသခံများသည် ထီးမယ်ဝါးခီးရွာအနီးဖြစ်သည့် မဲ့ထော်သလေး မြန်မာဘုန်းကြီးကျောင်းဝင်းအတွင်း ပြောင်းရွှေ့
နေထိုင်ကြရသည်။
မဲ့ထော်သလေး မြန်မာဘုန်းကြီးကျောင်းဝင်းအတွင်း တဲထိုးနေထိုင်သည့် လေးကေ့ကော်ဒေသခံသည် အိမ် ထောင်စု ၉၀ စု၊ လူဦးရေ စုစုပေါင်း ၃၀၀ အတွက် အခြေခံစားနပ်ရိက္ခာများလိုအပ်လျက်ရှိသည်ဟု စစ်ရှောင်စခန်းတာဝန်ခံများထံကသိရသည်။
အဆိုပါဒေသခံများကို ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း ဗိုလ်မုတ်သုံက အိမ်ထောင်စုတစ်စုကို ဆီတစ်လီတာတစ် ဗူး၊ ကြက်သွန်တစ်ကီလို၊ အချိုမှုန့်ကီလိုဝက်တစ်ထုပ်၊ ဆားနှင့် ဆန် ၄ ပြည်အိတ် တစ်အိတ်စီပေးသော်လည်း မိသားစုများသည့် အိမ်ထောင်စုများအတွက် စားသုံးရန်မလုံလောက်သောကြောင့် ကိုယ်တိုင်ဝယ်ပြီး ချက်စားနေရသည်ဟု ဒေသခံတစ်ဦးကဆိုသည်။
၎င်းက “ ပြီးခဲ့တဲ့အပတ်လောက်ကမှ ဗိုလ်မုတ်က အဲ့လိုလာဝေတယ်ပေါ့နော်၊ အလှူရှင်ကတော့ ရှိတော့ရှိတယ်၊ နည်းတယ် ။ လာလှူတာနဲ့ စားသုံးရတာနဲ့က မကာမိတော့ အဲ့လို ဆန်၊ ဆီ၊ ဆားကအစ ကိုယ်တိုင်ဝယ်စားနေရတာပေါ့။ ဘုန်းကြီးကျောင်းမှာနေတယ်ဆိုပေမယ့်လည်း ကိုယ့်ဘာသာကိုယ် ဝယ်စားရတာပါပဲ“ ဟု ဆိုသည်။
ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၁၆ ရက်တွင် လေးကေ့ကော်မြို့သစ်အနီးဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပြီးနောက် ထွက်ပြေးတိမ်းရှောင်နေကြရသည့် လေးကေ့ကော်ဒေသခံများထဲကတချို့သည် ၂၀၂၃ ခုနှစ်၊ မတ်လ ၁၂ ရက်တွင် နေရပ်သို့ ပြန်လည်နေထိုင်ခဲ့ကြသည်။
ထိုကဲ့သို့ ပြန်လည်နေထိုင်ပြီးနောက် လေးကေ့ကော်မြို့သစ်တွင် စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တို့ကြား တိုက်ပွဲများ ထပ်မံဖြစ်ပွားခဲ့သည့်အတွက် ၂၀၂၄ ခုနှစ်၊ မတ်လ ၁၂ ရက်၌ ထပ်မံ တိမ်းရှောင်ခဲ့ခြင်းဖြစ်သည်။
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ ထိန်းချုပ်သည့် ကော်သူးလေနယ်မြေ ခရိုင် ၇ ခုတွင် စစ် အာဏာသိမ်းထားသည့် ၂၀၂၁ ခုနှစ်ကနေ ၂၀၂၃ ခုနှစ် သုံးနှစ်နီးပါးကာလအတွင်း ပဋိပက္ခများကြောင့် နေရပ်စွန့်ခွာရှောင်တိမ်းနေထိုင်ရသော စစ်ဘေးရှောင် ၇
သိန်းကျော် ရှိလာပြီဖြစ်သည်ဟု ကေအဲန်ယူ၏ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၁၈ ရက် ထုတ်ပြန်ချက်အရ သိရသည်။
ဓာတ်ပုံ – ပေးပို့
ပုံစာ – မယ်ထော်သလေးဘုန်းကြီးကျောင်းဝင်းအတွင်း ဒုတိယအကြိမ် စစ်ရှောင်နေရသည့် လေးကေ့ကော်ဒေသခံများ နေထိုင်မှုမြင်ကွင်း။