TLEC သင်တန်းဆင်းပွဲ ဒေါက်တာညိုထွန်းအောင် တက်ရောက်
********
ယမင်းဖူးပွင့်အောင်
မေ ၂၃၊ ၂၀၂၄။
ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်မြို့တွင် ကျင်းပပြုလုပ်ခဲ့သည့် သင်တန်းဆင်းပွဲအခမ်းအနားကို အာရက္ခတပ်တော် AA ၏ ဒုတိယစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင် တက်ရောက်ခဲ့သည်ဟု တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် – TNLA က ထုတ်ပြန်သည်။
ယမန်နေ့ မေလ ၂၂ ရက်က ပြုလုပ်သည့် Ta’ang Land Education Council -TLEC ၏ တစ်လကြာ ဆရာ၊ဆရာမများ စွမ်းရည်မြှင့်တင်ရေးသင်တန်းဆင်းပွဲအခမ်းအနားကို ဒေါက်တာညိုထွန်းအောင် က တက်ရောက်အမှာစကားပြောကြားခဲ့ခြင်းဖြစ်သည်။
အခမ်းအနားကို တအာင်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ PSLF/TNLA ၏ အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ် တားဘုန်းကျော်လည်း တက်ရောက်ခဲ့ကာ စာသင်ကျောင်းတစ်ခုတွင် သင်ရိုးညွှန်းတမ်းထက် ကျောင်းသူကျောင်းသားများအား ပညာသင်ကြားပေးမည့် ဆရာ၊ဆရာမများက အလွန်အရေးကြီးပြီး ပုံစံခွက်ဖြင့်သင်ကြားခြင်းထက် ကျောင်းသားများ စဥ်းစားတွေးခေါ်နိုင်အောင်၊ အရည်အချင်းပြည့်မီအောင် သင်ကြားပေးရမည်ဟု မှာကြားခဲ့သည်။
ထို့နောက် သင်တန်းကာလအတွင်း ဘာသာရပ်ထူးချွန်သည့် ဆရာ၊ ဆရာမများအား ဆုချီးမြှင့်ပေးခြင်းနှင့် ဖျော် ဖြေရေးအစီအစဥ်များဖြင့် အခမ်းအနားပြီးဆုံးသွားခဲ့သည်ဟု TNLA ၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
အဆိုပါ အပတ်စဥ် ၃ သင်တန်းကို ပြီးခဲ့သည့် ဧပြီလ ၂၂ရက်ကနေ မေလ ၂၂ ရက်အထိ တစ်လကြာ သင်တန်းပို့ချပေးကာ ဆရာ၊ဆရာမ ဦးရေ ၄၀၀ တက်ရောက်ခဲ့ကြသည်။
ဓာတ်ပုံ-TNLA