စစ်ကောင်စီအတွက် အသက်ကယ်ပေါက်ဖြစ်လာတဲ့ ဒရုန်းနည်းပညာ
********
ကောင်းချစ်အောင်
မေ ၁၉၊ ၂၀၂၄။
နှစ်ဖက်ဖြစ်ပွားနေတဲ့တိုက်ပွဲတွေမှာ လေကြောင်းအားသာမှုက အောင်ပွဲဖော်ဆောင်နိုင်တဲ့ အဓိကအကြောင်း အရင်းတစ်ခုဖြစ်လာပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်းတုန်းကလည်း လေကြောင်းသာလွန်အင်အားရှိတဲ့ အမေရိ ကန်နဲ့ မဟာမိတ်နိုင်ငံတွေ အနိုင်ရရှိခဲ့တာက ထင်ရှားတဲ့သာဓကတစ်ခုပါပဲ။
ခေတ်သစ်စစ်ပွဲတွေမှာတော့ တိုက်လေယာဉ်တွေအပြင် မောင်းသူမဲ့လေယာဉ်ငယ် – ဒရုန်းတွေက လေကြောင်း အင်အားပြိုင်ဆိုင်မှုမှာ အခရာကျတဲ့အရာတစ်ခုအဖြစ် ပါဝင်လာခဲ့ပါတယ်။ ၂၀၂၂ ခုနှစ်မှာစတင်ခဲ့တဲ့ ရုရှား-ယူကရိန်းစစ်ပွဲတွေမှာ ဒရုန်းတွေဟာ မြေပြင်တိုက်ခိုက်ရေးတင့်ကားတွေကို ဖျက်ဆီးနိုင်တဲ့အထိ အဖျက်စွမ်းအား ကြီးမားခဲ့တာကို တစ်ကမ္ဘာလုံးက မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ပါတယ်။
အဲဒီလိုပဲ မြန်မာနိုင်ငံမှာလည်း ၂၀၂၁ ခုနှစ် စစ်အာဏာ သိမ်းပြီးနောက် စစ်အာဏာရှင်ဆန့်ကျင်ရေး တော်လှန်ရေး အင်အားစုတွေနဲ့ စစ်ကောင်စီကြား လက်နက်ကိုင်ပဋိပက္ခတွေမှာ ဒရုန်းတွေရဲ့အခန်းကဏ္ဍက မြင့်မားလာပါတယ်။
ဒရုန်းတွေရဲ့အရေးပါမှုကိုသိမြင်လာတဲ့ စစ်ကောင်စီဟာ တရုတ်၊ ရုရှားတို့လို့ မဟာမိတ်နိုင်ငံတွေဆီကနေ နည်း ပညာမြင့်ဒရုန်းတွေဝယ်ယူပြီး တော်လှန်ရေးတပ်တွေကိုပြန်လည်ထိုးစစ်ဆင်ဖို့ ပြင်ဆင်နေတဲ့သတင်းတွေလည်း ထွက်ပေါ်လာပါတယ်။
စစ်ကောင်စီကြောက်တဲ့ဒရုန်း
*****
စစ်ဗိုလ်ချုပ်တွေဟာ နှစ် ၇၀ ကျော်ကြာ မပြီးပြတ်သေးတဲ့ ပြည်တွင်းစစ်ကို ရင်ဆိုင်ရာမှာ အတိုင်းအတာတစ်ခု အထိ အတွေ့အကြုံရှိပြီး လေကြောင်းအင်အားက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအတွက် ခြိမ်းခြောက်မှု တစ်ခုဆိုတာလည်း သိမြင်ထားပြီး ဖြစ်ပါတယ်။
ဆယ်စုနှစ် ၃ ခုထက်မနည်း လေကြောင်းအင်အား တည်ဆောက်ခဲ့တဲ့ မြန်မာစစ်တပ်မှာ လေယာဉ်အမျိုးအစား စုစုပေါင်း ၁၉၀ စင်းကနေ ၂၉၃ စင်းကြားအထိ ရှိတယ်လို့ ကမ္ဘာ့နိုင်ငံတွေရဲ့ စစ်အင်အားကို သုတေသနလုပ်နေတဲ့ Global Fire Powe rက ခန့်မှန်းထားပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ အာဏာသိမ်းချိန်ကနေ ၂၀၂၃ နှစ်ကုန်ပိုင်းအထိ စစ်ကောင်စီဟာ နိုင်ငံတဝန်း လေ ကြောင်းတိုက်ခိုက်မှုပေါင်း ၁,၆၅၀ ကျော်ပြုလုပ်ခဲ့ပြီး လူ ၁,၀၀၀ နီးပါး သေဆုံးခဲ့ရတယ်လို့ ညဏ်လင်းသစ် သုတေသနအဖွဲ့ကလည်း ဆိုထားပါတယ်။
ဒါပေမယ့်လည်း စစ်တပ်အာဏာသိမ်းပြီးနောက်ပေါ်ပေါက်လာတဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေဟာ အမဲလိုက် တူမီးကနေ လက်လုပ်သေနတ်၊ လက်လုပ်စိန်ပြောင်း၊ လက်လုပ်မိုင်း အဲဒီကနေတဆင့်တက်ပြီး အဝေးထိန်း ခလုတ်နဲ့ထိန်းချုပ်တဲ့ ဒရုန်း ခေါ် မောင်းသူမဲ့ယာဉ်ပျံတွေသုံးပြီး ဗုံးချတိုက်ခိုက်တဲ့အဆင့်ထိ ရောက်လာခဲ့တာ တွေ့ရပါတယ်။
တော်လှန်ရေးတပ်တွေရဲ့ ဒရုန်းအသုံးပြုလာမှုဟာ လေကြောင်းအင်အားသာလွန်နေတဲ့ စစ်ကောင်စီအတွက် စိုးရိမ်စရာဖြစ်လာပြီး ဒရုန်းတွေရဲ့အန္တရယ် ကြီးမားလာနေတာကို ပထမဆုံးဝန်ခံခဲ့ရကတော့ ၁၀၂၇ စစ်ဆင်ရေး ကာလအတွင်းမှာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ ၂၉ ရက်က နေပြည်တော်မှာပြုလုပ်ခဲ့တဲ့ စစ်ကောင်စီအစည်းအဝေးမှာ ရှမ်းမြောက်ဒေသမှာ သူတို့ရှုံးနိမ့်နေရတာဟာ ဒရုန်းတွေကြောင့်လို့ အာဏာသိမ်းစစ်ခေါင်းဆောင်က ခေါင်းစဉ်တပ်ခဲ့ပါတယ်။
စုစုပေါင်းတိုက်ခိုက်ရေးအင်အား ၆,၅၀၀ နီးပါးရှိတဲ့အပြင် စစ်ဆင်ရေးအတွင်း ဒရုန်းနဲ့ Drop Bomb ၂၅,၀၀၀ ဝန်း ကျင်ကြဲချတိုက်ခိုက်ခဲ့တယ်လို့ဆိုထားပြီး ပြည်ပဒရုန်းပညာရှင်တွေလည်းပါဝင်နေတယ်လို့ စွပ်စွဲထားပါတယ်။
စစ်ဗိုလ်ချုပ်တွေရုံးစိုက်ရာ နေပြည်တော်မြို့အနီး အေလာလေတပ်စခန်းကိုလည်း ပြီးခဲ့တဲ့တစ်နှစ်တာအတွင်း တော်လှန်ရေးတပ်တွေက ဒရုန်းတွေနဲ့ ၄ကြိမ်ထက်မနည်း တိုက်ခိုက်နိုင်ခဲ့ပါတယ်။
ဒါ့အပြင် မွန်နဲ့ ကရင်ပြည်နယ်စစ်ဆင်ရေးကိုကွပ်ကဲရတဲ့ မော်လမြိုင်မြို့ အရှေ့တောင်တိုင်းစစ်ဌာနချုပ်ကို လာ ရောက်ခဲ့တဲ့ အာဏာသိမ်း ဒု စစ်ခေါင်းဆောင်စိုးဝင်း ဟာလည်း ဧပြီလပထမပတ်အတွင်း ဒရုန်းနဲ့တိုက်ခိုက်ခံခဲ့ရပြီး ၁ လနီးပါး လူမြင်ကွင်းကနေ ပျောက်သွားခဲ့ပါတယ်။
ရုရှားဆီက အကူအညီယူသလား. . . . ?
******
စစ်ကောင်စီဟာ လေယာဉ်ဆီပိတ်ဆို့မှုဒဏ်ကိုဆက်တိုက်ခံနေရပြီး စစ်ရေးအရေးနိမ့်တဲ့နေရာတွေမှာ လေ ကြောင်းတိုက်ခိုက်မှုတွေကိုပဲ အဓိကအားပြုနေရပါတယ်။ Y-12ထောက်ပို့လေယာဉ်တွေကအစ ဗုံးကြဲတဲ့နေရာမှာ အသုံးပြုနေရတဲ့အတွက် စစ်ရေးအသာရအောင် ဒရုန်းနည်းပညာဘက်ကို ဦးလှည့်လာပါတယ်။
အဆင့်မြင့်လုံခြုံရေးဆိုင်ရာအရာရှိများအစည်းအဝေးကိုတက်ရောက်ဖို့ ပြီးခဲ့တဲ့ ဧပြီလ ၄ ရက်မှာ စစ်ကောင်စီရဲ့ ဗိုလ်ချုပ်ကြီး မိုးအောင်နဲ့အဖွဲ့ ရုရှားနိုင်ငံကို သွားရောက်ခဲ့ပါတယ်။ အဲဒီအစည်းအဝေးမှာ မြန်မာ – ရုရှားနှစ်နိုင်ငံ ပူး တွဲအကြမ်းဖက်တိုက်ဖျက်ရေးကိစ္စရပ်နဲ့ပတ်သက်ပြီး သဘောတူညီချက်ရရှိခဲ့တယ်လို့ စစ်ကောင်စီက ဖော်ပြထား ပါတယ်။
စစ်ကောင်စီဟာ တန်ပြန်ဒရုန်းစစ်ဆင်ရေးအတွက် ရုရှားနိုင်ငံက Orion-2 UAV ဒရုန်းတွေကို သွားရောက်ဝယ် ယူခဲ့တာလို့ DVB သတင်းဌာနက တပ်တွင်းအရင်းအမြစ်တွေကိုကိုးကားကာ သတင်းရေးသားဖော်ပြထားပါတယ်။
စစ်ကောင်စီ ပစ္စည်းဝယ်ယူရေးညွှန်ကြားရေးမှူး ဗိုလ်ချုပ်ခင်မောင်သန်းနဲ့အဖွဲ့က မေလ ၁ ရက်မှာ သွားရောက်ဝယ်ယူခဲ့တာဖြစ်ပြီး မေလ ၉ ရက်မှာတော့ ရှေ့တန်းနယ်မြေတွေကို ဒရုန်းတွေစတင်ဖြန့်ဝေခဲ့တယ်လို့ ဆိုပါတယ်။
ဗိုလ်ချုပ်ခင်မောင်သန်းရဲ့ ခရီးစဉ်ကို ဖော်ပြထားတာမျိုးမရှိခဲ့တဲ့အပြင် ဝယ်ယူထားတဲ့ဒရုန်းအမျိုးအစားသစ်တွေကို တွေ့မြင်ရတာမျိုးလည်း မရှိသေးပါဘူး။
Orion-2 UAV ဟာ မီတာ ၁၀၀ အမြင့်မှာ 2KG အလေးချိန်သယ်ဆောင်သွားမယ်ဆိုရင် ၂၄ နာရီအနည်းဆုံး မောင်းနှင်အသုံးပြုနိုင်တယ်လို့ဆိုပါတယ်။ ဒါ့အပြင် ၁၀ ကီလိုမီတာအကွာအထိ ထိန်းချုပ်ပျံသန်းစေနိုင်တဲ့အပြင် အဆ ၃၀ အထိ အနီးကပ်ဆွဲကြည့်လို့ရတဲ့ကင်မရာ၊ အဆင့်မြင့်ဆင်ဆာတွေပါတဲ့အတွက် ကင်းထောက်အနေနဲ့ရော တိုက်ခိုက်ရေးအဖြစ်ပါ အသုံးပြုလို့ရပါတယ်။
တရုတ်ရဲ့ အကူအညီပေးမှု
********
စစ်ကောင်စီနဲ့တရုတ် နှစ်နိုင်ငံသဘောတူညီမှုနဲ့ စစ်ကောင်စီက တရုတ်လုပ်ဒရုန်းတွေဝယ်ယူခဲ့တာ ဆယ်စုနှစ်တစ်ခုကျော်ကြာမြင့်ခဲ့ပါပြီ။ ၂၀၁၄ ခုနှစ်နဲ့ ၂၀၁၅ ခုနှစ်တွေကြားမှာ တရုတ်အစိုးရထိန်းချုပ်ခံ China Aerospace Science and Technology Cooperation ကနေ ထုတ်လုပ်တဲ့ CH-3A မောင်းသူမဲ့လေယာဉ် ဒရုန်း ၁၂ စင်းကို မြန်မာစစ်တပ်ကဝယ်ယူဖို့ကြိုးပမ်းခဲ့တယ်လို့ စတော့ဟုမ်းအခြေစိုက် နိုင်ငံတကာငြိမ်းချမ်းရေးသုတေသနအင်စ တီကျု က စုံစမ်းသိရှိရတယ်လို့ ဆိုပါတယ်။
CH – 3 Series မောင်းသူမဲ့လေယာဉ်တွေဟာ ကီလိုမီတာ ၂,၀၀၀ ကျော်အကွာအဝေးကိုသွားလာနိုင်တဲ့အထိ စွမ်း ဆောင်ရည်မြင့်မားပြီး ပေါင် ၂၂၀ နီးပါးအလေးချိန်အထိ သယ်ဆောင်သွားနိုင်ပါတယ်။ ဝေဟင်မှာ ၁၀ နာရီ ကျော် ကြာ အသုံးပြုနိုင်သလို ပေ ၁ သောင်း ၆ထောင်အမြင့်အထိ ပျံသန်းနိုင်ပါတယ်။
မြန်မာနိုင်ငံကို ရောက်ရှိလာတဲ့ CH-3 ရဲ့ လုပ်ဆောင်နိုင်စွမ်းကိုတော့ စစ်ကောင်စီဘက်ကတရားဝင် အသိပေးထားခြင်းမရှိဘဲ ၂၀၁၅ ခုနှစ်မှာ စတင်စမ်းသပ်မောင်းနှင်နေနိုင်ပြီလို့ ဆိုထားပါတယ်။
မြန်မာစစ်တပ်ကဝယ်ယူထားတဲ့ CH-3 မောင်းသူမဲ့လေယာဉ်တွေကို အာဏာမသိမ်းခင်ကဖြစ်ပွားခဲ့တဲ့ အာရက္ခတပ်တော် –AA နဲ့တိုက်ပွဲတွေမှာ ကင်းထောက်အနေနဲ့ ဆက်တိုက်ဆိုသလို အသုံးပြုခဲ့တယ်လို့ စစ် ကောင်စီကဝန်ခံထားပေမယ့် ဗုံးသီးချတိုက်ခိုက်မှုမျိုး လုပ်ဆောင်ခဲ့သလားဆိုတာတော့ မသိရပါဘူး။
စစ်ကောင်စီလေတပ်ဌာနချုပ်လို့ခေါ်ဆိုနိုင်တဲ့ မိတ္တီလာမြို့၊ ရှမ်းတဲလေတပ်စခန်းမှာ တိုက်လေယာဉ်တွေနဲ့အတူ CH-3မောင်းသူမဲ့လေယာဉ်တွေကထားရှိတဲ့မြင်ကွင်းကို ဂြိုဟ်တုကနေကောင်းကင်ဓာတ်ပုံရိုက်ယူနိုင်ခဲ့တာ တွေလည်း ရှိပါတယ်။
အာဏာသိမ်းမှုအစောပိုင်းကာလမှာ စစ်ကောင်စီဟာ ဆန္ဒပြပွဲတွေကို စုံစမ်းထောက်လှမ်းဖို့ CH-3 တွေ အသုံးပြု ခဲ့တာကလွဲလို့ အဲဒီနောက်ပိုင်းတော့ တိုက်ခိုက်ရေးအတွက် အသုံးပြုခဲ့တာမျိုးမတွေ့ရပါဘူး။
မကွေးတိုင်း အထက်မင်းလှမြို့အနားမှာရှိတဲ့ အမှတ် – ၁၀ ကာကွယ်ရေးပစ္စည်းစက်ရုံကို တရုတ်နိုင်ငံက ပညာရှင်တွေ ၂၀၂၃ နှစ်ဆန်းပိုင်းကတည်းကလာရောက်ခဲ့ပြီး ဒရုန်းနည်းပညာတွေ စမ်းသပ်နေတယ်လို့ ကာ ကွယ်ရေးတပ်ဖွဲ့တွေက ဆိုပါတယ်။ ကပစ ၁၀ ဟာ တာဝေးပစ်နဲ့ လေယာဉ်ပစ်ဗုံးသီးတွေကို အဓိကထုတ်လုပ်တာဖြစ်ပါတယ်။
ဒါ့အပြင် ကပစစက်ရုံတစ်ခုခုမှာ တရုတ်နဲ့ပူးပေါင်းပြီး CH-4ဒရုန်းတွေကို စမ်းသပ်ထုတ်လုပ်နေတယ်လို့ ကောလာ ဟလတွေလည်း ထွက်ပေါ်ခဲ့ဖူးပါတယ်။ ဧပြီလ ၁၂ ရက်ကစတင်ပြီး ကရင်ပြည်နယ် မြဝတီဒေသကို စစ်ကောင်စီက အောင်ဇေယျစစ်ဆင်ရေးအဖြစ်စစ်ကြောင်းထိုးရာမှာ CH-4 ဒရုန်းတွေ အသုံးပြုနေတယ်လို့ မြေပြင်တော်လှန်ရေး တပ်တွေက ဆိုလာပါတယ်။
CH-3 ကနေ အဆင့်မြှင့်ထားတဲ့ CH-4 ဒရုန်းတွေဟာ ပေ ၂ သောင်းကျော်အထက်မှာ ပျံသန်းနိုင်ပြီး ပေါင် ၃၀၀ကျော် အလေးချိန်သယ်ဆောင်နိုင်တယ်လို့ စစ်ရေးကျွမ်းကျင်သူတွေက ဖော်ပြထားကြပါတယ်။
စိုးရိမ်ရမယ့် နည်းပညာကွာခြားမှု
******
စစ်ကောင်စီကို တရုတ်နဲ့ ရုရှားနိုင်ငံတွေက စစ်ဘက်သုံးနည်းပညာမြင့်ဒရုန်းတွေကို တရားဝင် ရောင်းချပေး နေပေမယ့် တော်လှန်ရေးတပ်ဖွဲ့တွေကတော့ အရပ်ဘက်သုံးဒရုန်းတွေကို တရားမဝင်လမ်းကြောင်းကနေ ဝယ်ယူနေရပါတယ်။
တရုတ်နိုင်ငံ ရှန်ကျန်းအခြေစိုက် DJI ကုမ္ပဏီဟာ တစ်ကမ္ဘာလုံးဆိုင်ရာ အရပ်ဘက်သုံး ဒရုန်းဈေးကွက်ရဲ့ ၇၀ ရာခိုင်နှုန်းချုပ်ကိုင်ထားပြီး မြန်မာတော်လှန်ရေးတပ်တွေအတွက်လည်း အဓိကအားထားရာဖြစ်နေပါတယ်။ Mavic၊ Falcon အမျိုးအစားတွေကိုဝယ်ယူပြီး အစိတ်ပိုင်းတွေကို လိုသလိုတပ်ဆင်ကာ စစ်ဘက်သုံးဒရုန်းတွေ အဖြစ်သုံးနိုင်အောင် တီတွင်ကြံဆခဲ့ကြရတာပါ။
စစ်ကောင်စီဘက်က ဒရုန်းသယ်ယူတဲ့လမ်းကြောင်းတွေကို အစစ်အဆေးကြပ်ခဲ့တဲ့အပြင် ကုမ္ပဏီဘက်ကလည်း အရပ်ဘက်ဒရုန်းတွေကို စစ်ရေးအရအသုံးပြုမှုမြင့်မားလာတဲ့အတွက် ပိတ်ဆို့မှုတွေ ရှိခဲ့ပါတယ်။
အဲဒါကြောင့် စစ်ကောင်စီဘက်က နည်းပညာမြင့်ဒရုန်းတွေဟာ အမြင့်ပေသောင်းကျော်ကနေ မိုင်ထောင်ဂဏန်းသွားနိုင်တဲ့အတွက် နောင်တချိန်မှာ နည်းပညာကွာဟလာမှုဟာ ကြီးမားလာနိုင်ပါတယ်။
ကချင်လွတ်လပ်ရေးတပ်မတော် KIA ထိန်းချုပ်နယ်မြေဖြစ်တဲ့ လိုင်ဇာမြို့အနီး မုန်လိုင်ခက်စစ်ရှောင်စခန်း လေ ကြောင်းတိုက်ခိုက်ခံရမှုမှာလည်း ဘယ်လက်နက်နဲ့တိုက်ခိုက်ခဲ့မှန်း အခုထိ အတိအကျ အတည်ပြုနိုင်ခဲ့တာမျိုး မရှိခဲ့ပါဘူး။
ဒါ့အပြင် အာရက္ခတပ်တော်နဲ့ တိုက်ပွဲတွေပြင်းထန်နေတဲ့ ကျောက်ဖြူခရိုင် စနဲမြို့ဈေးကိုလည်း စစ်ကောင်စီက ဒရုန်းနဲ့ဗုံးကြဲလို့ လူသေဆုံးမှုရှိခဲ့ပါတယ်။
စစ်ရေးအရအရေးနိမ့်နေတဲ့ စစ်ကောင်စီအတွက်တော့ ဒရုန်းနည်းပညာဟာ အသက်ကယ်ထွက်ပေါက်ဖြစ်ပေမယ့် တစ်ဖက်မှာတော့ အရပ်သားနဲ့ တော်လှန်ရေးတပ်ဖွဲ့ဘက်မှာ ထိခိုက်သေဆုံးမှုမြင့်တက်လာနိုင်ပါတယ်ခင်ဗျာ။