ဝါးခုတ်သွားသည့် ခမရ ၃၀၇ က တပ်ဖွဲ့ဝင်များ ပစ်ခတ်ခံရ
************
မေသံလွင်။
မေ ၁၈ ၊ ၂၀၂၄။
ဝါးခုတ်သွားသည့် ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ် ၊ ရွှေဝါကျေးရွာ အခြေစိုက် စစ်ကောင်စီခြေမြန်တပ်ရင်း ခမရ ၃၀၇ က တပ်ဖွဲ့ဝင်များ ပစ်ခတ်ခံခဲ့ရသည်ဟု ဒေသခံများထံက သိရသည်။
ယမန်နေ့ နံနက်ပိုင်းတွင် တပ်ရင်းကနေ ကျောက်တံခါးမြို့နယ်၊ ကြိမ်ခါးကုန်းကျေးရွာသို့ ဝါးခုတ်သွားသည် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ကာကွယ်ရေးတပ်ဖွဲ့ဝင်များထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ဒေသခံတစ်ဦးက ” အဲ့ရွာက သူတို့တပ်ရှေ့လမ်းကနေသွားရတာ တပ်နဲ့ သိပ်မဝေးဘူး။ ရွာရဲ့ အနောက်တောမှာ ဝါးသွားခုတ်တာ အဲ့မှာ ပစ်ခံရတာ “ဟုဆိုသည်။
ဝါးခုတ်သွားရာတွင် ပစ်ခတ်ခံခဲ့ရသည့်အတွက် ဗိုလ်ကြီးတစ်ဦး ခြေထောက်ထိမှန်ခဲ့ပြီး တပ်ဖွဲ့ဝင် ၃ ဦးသေဆုံးခဲ့သည်ဟု တပ်တွင်းရင်းမြစ်များထံက သိရသော်လည်း သံလွင်ခက်အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိပေ။
ထိုကဲ့သို့ ပစ်ခတ်ခံရပြီးနောက် ခမရ ၃၀၇ ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် အဆိုပါ ကျေးရွာအနီးကို လက်နက်ကြီးဖြင့် ပစ်ခတ်မှုများ လုပ်ဆောင်ခဲ့သည်ဟု ဒေသခံတစ်ဦးက သံလွင်ခက်သတင်းဌာနကိုပြောသည်။
၎င်းက ” သူတို့ ပစ်ခံရပြီးတော့ လက်နက်ကြီးနဲ့ ပစ်တော့တာပဲ။ ညခင်းပိုင်းနဲ အခုမနက်ပိုင်းထိကို ပစ်နေတာ ” ဟုဆိုသည်။
စစ်ကောင်စီတပ် ပစ်ခတ်လိုက်သော လက်နက်ကြီးကျည်သည် ကြိမ်ခါးကုန်းကျေးရွာအတွင်းရှိ နေအိမ်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့သည့်အတွက် အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများထံက သိရသည်။
အဆိုပါ ခမရ ၃၀၇ တပ်ရင်းသည် ကျောက်တံခါးမြို့နယ်အတွင်းရှိကျေးရွာများ၊ စစ်တောင်းမြစ်အရှေ့ခြမ်းနှင့် အနောက်ခြမ်းရှိကျေးရွာများအား လက်နက်ကြီးများဖြင့် ပစ်ခတ်နေသည့် တပ်ရင်းတစ်ခုလည်းဖြစ်သည်ဟု ဒေသခံများ၏ပြောပြချက်များအရ သိရသည်။
ပုံစာ – စစ်ကောင်စီတပ်ဖွဲ့ဝင်များ။ ပုံ အဟောင်း