ချောင်းဦးမြို့နယ်တွင် ဆေးခြောက်ပင် ၈၀၀ ခန့် ပကဖ ရှင်းလင်း
*****
ယမင်းဖူးပွင့်အောင်
မေ ၁၇၊ ၂၀၂၄။
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်ရှိ ဆေးခြောက်စိုက်ပျိုးထုတ်လုပ်သည့်ကျေးရွာများတွင် နယ်မြေရှင်းလင်းရေး ဆောင်ရွက်ခဲ့သည်ဟု ဒေသခံကာကွယ်ရေးတပ်ဖွဲ့များထံက သိရသည်။
လက်ရှိအချိန်တွင် နယ်မြေတည်ငြိမ်မှုလည်းမရှိသလို ဆေးခြောက်ဆိုသည်ကလည်း အလယ်တန်းအဆင့်ကလေး ငယ်များ လက်လှမ်းမီသည့်အခြေအနေအထိရောက်ရှိလာပြီးဖြစ်၍ သွားရောက်ရှင်းလင်းရခြင်းဖြစ်သည်ဟု ချောင်း ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပကဖ တာဝန်ခံ ကိုဇာနည်သိန်း က သံလွင်ခက်ကိုပြောသည်။
၎င်းက “စစ်ဖြစ်နေတဲ့ ကာလ၊ နယ်မြေမတည်ငြိမ်တဲ့ဒေသလည်းဖြစ်နေတယ်။ ပညာရေးတောင်မှ စာသင်ကျောင်း တွေမှာ သင်တဲ့ပညာရေးမဟုတ်ဘူး။ ကျေးရွာထဲမှာ ပြည်သူတွေစုပေါင်းပြီးသင်တဲ့ ကာလဖြစ်နေတဲ့အခါမှာ ဒါတွေ ပဲသုံးပြီးနေမယ်ဆို အဆင်မပြေဘူး။ ဘယ်လောက်ထိဆိုးလည်းဆိုရင် အလယ်တန်းအဆင့်ကလေးတွေတောင် လက်လှမ်းမီတဲ့ အတိုင်းအတာမျိုးဖြစ်လာတယ်”ဟုပြောသည်။
ချောင်းဦးမြို့နယ်၏ အချို့ကျေးရွာများရှိကွမ်းခြံများတွင် ဆေးခြောက်များ ရောနှောစိုက်ပျိုးထားကြသည်ဟုလည်း ကိုဇာနည်သိန်းက ဆက်လက်ပြောဆိုသည်။
၎င်းကပင် “ကျွန်တော် အဲဒီ့သတင်းကိုရနေတာတော့ ၂ လလောက်ရှိပြီပေါ့နော်။ ကျေးရွာတွေထဲမှာရှိတဲ့ ကွမ်းခြံ တွေမှာ ရောပြီးစိုက်နေတယ်လို့ သတင်းကြားနေတာရှိတယ်။ ကိုယ့်ဘက်က သက်သေခိုင်ခိုင်လုံလုံမရှိဘဲ ဘာမှဝင် လုပ်လို့ မရဘူးပေါ့။ မေလ ၁၂ ရက်မှာ ကျွန်တော်တို့စစ်ဆေးရေးဂိတ်ကဖြတ်သွားတဲ့ မြို့ပေါ်ကလူငယ်တချို့ကို မသင်္ကာလို့ စစ်လိုက်တဲ့အချိန်မှာ ဆေးခြောက်တွေတွေ့တယ်။ ဒီဆေးခြောက်က ဘယ်ကလာတာလဲလို့ ပြန်ပြီး စစ်တဲ့အချိန်မှာ ကျေးရွာတွေမှာ စိုက်ထားတာသိရတယ်” ဟုပြောသည်။
မုံရွာခရိုင် အမှတ် ၁၅ တပ်ရင်းမှူး ကိုပျံလွှား ကလည်း ဆေးခြောက်သုံးစွဲခြင်း၊ ရောင်းဝယ်ဖောက်ကားခြင်း ပြုလုပ်သည့် တပ်ဖွဲ့ဝင်များကို ပြင်းပြင်းထန်ထန်အရေးယူနေသည်ဟု ဆိုသည်။
၎င်းက “မိရင်လည်း ပြင်းပြင်းထန်ထန်ကိုအရေးယူတာဗျ။ အချုပ် ၁ လချတယ်။ ချပြီးတော့ လက်နက်ကိုင်ခွင့် ၅ လပိတ်တယ်။ ဒါက စိတ်ကိုထုံထိုင်းစေတဲ့အရာဖြစ်တဲ့အတွက်ကြောင့်မို့ တခြားသူတွေနဲ့ အလုပ်တွဲလုပ်မယ် ဆိုရင်လည်း သူ့ကြောင့် တခြားကလေးတွေလည်း အနှောင့်အယှက်ဖြစ်လိမ့်မယ်။ ကျွန်တော်တို့ ကိုင်ထားတဲ့ ပစ္စည်းတွေက အသက်အန္တရာယ်ရှိတဲ့ပစ္စည်းတွေဖြစ်တဲ့အတွက်ကြောင့်မို့ သူ့ကို ၅ လ လက်နက်ကိုင်ခွင့် ပိတ်ပါတယ်ဗျ။ ရောင်းဝယ်ဖောက်ကားရင်တော့ တန်းပြီး အဖွဲ့ထဲကထုတ်တယ်” ဟုပြောသည်။
ထိုသို့နယ်မြေရှင်းလင်းမှုများပြုလုပ်စဉ် ကွမ်းခြံ ၁ ခြံတွင် ဆေးခြောက်ပင် ၁၅၀ ခန့်စိုက်ပျိုးထားကြသည်ကို တွေ့ရှိရပြီး စုစုပေါင်း အပင် ၈၀၀ ခန့် ရှင်းလင်းခဲ့သည်ဟု ချောင်းဦးမြို့နယ် ပကဖ တာဝန်ခံထံက သိရသည်။
ပုံစာ-ရှင်းလင်းခဲ့သည့် ဆေးခြောက်ပင်များကိုတွေ့ရစဉ်။