စစ်ကောင်စီက သံတွဲ၊ ရွှေလှေတိုက်နယ်ကို လေယာဉ်ဖြင့် ဆက်တိုက်ဗုံးကြဲ
******
စကားမောင်
မေ ၁၆၊ ၂၀၂၄။
ရခိုင်ပြည်နယ်၊ သံတွဲမြို့၊ ရွှေလှေတိုက်နယ်တွင် စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော် – AAတို့ကြားတိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီက လေယာဉ်ဖြင့် ဆက်တိုက်ဗုံးကြဲနေသည်ဟု ဒေသခံသတင်းရင်းမြစ်များထံက သိရသည်။
လက်ရှိတွင် ရွှေလှတိုက်နယ်တဝိုက်တွင် လေကြောင်းဖြင့် ဆက်တိုက်ဗုံးကြဲနေပြီး မြေပြင်ကလည်း စက်သေနတ်ဖြင့်ပြန်လည်ပစ်ခတ်နေသည်ဟု ရွှေလှေတိုက်နယ် ဒေသခံ အမျိုးသား ၁ ဦးက ပြောသည်။
၎င်းက “အခုဖြစ်နေတဲ့ တိုက်ပွဲခွင်တစ်ခုလုံး အဆက် အသွယ်ပြတ်နေတယ်။ ရွှေလှေတိုက်နယ်တစ်ကြောလုံး ဘယ်ဖုန်းမှ သေချာဆက်သွယ်လို့မရဘူး။ ဒီနေ့မနက်အခြေအနေက လက်နက်ကြီးပစ်ကူပေးနေတယ်။ လေယာဥ်က တစ်ခါလာရင် ၄၊ ၅၊ ၆ လုံး တစ်ခါထဲချတာ”ဟုပြောသည်။
ယနေ့ မေလ ၁၆ ရက်တွင် ရွေလှေတိုက်နယ်တဝိုက်ရှိဒေသခံများ၏ ဖုန်းနှင့်အင်တာနက်လိုင်းများ ဆက်သွယ်၍မရဘဲ ပြတ်တောက်နေသည်ဟု ဒေသခံများကပြောသည်။
ရခိုင်၊သံတွဲတစ်နေရာကို ဂျက်ဖိုက်တာ ၁ စီး ဝဲပျံနေသည်ဟု မနက် ၁၁နာရီခန့်က လေကြောင်းထောက်လှမ်းပေးနေသော ဝေဟင်သတင်း တယ်လီဂရမ်ချန်နယ်တွင်ရေးသားထားပြီး စစ်ကောင်စီ၏ ထောက်ပို့လေယာဉ်များပါ ပျံသန်းနေသည်ဟုလည်း ဖော်ပြထားသည်။
“ည ၁ နာရီခွဲလောက်တော့ရှိပြီ။ အဲဒီလက်နက်ကြီးသံက တော်တော်ကြီး ကျယ်တာ။ အစ်မတို့မြို့က အဲ့လောက်ကျယ်တဲ့ အသံမျိုးကိုမကြားဖူးဘူး။ ပုံမှန်ကြားနေရတာထက်ကိုပိုကျယ်တာ။ အခုက ကျသွားတဲ့အသံကိုပါ ကြားရတာ”ဟု သံတွဲမြို့ခံ အမျိုးသမီး ၁ ဦးကဆိုသည်။
ယမန်နေ့ည ၆ နာရီခန့်ကနေ ယနေ့ထိ လေယာဉ်များဖြင့် ဆက်တိုက် ဗုံးကြဲတိုက်ခိုက်နေသည်ဟု သိရသည်။
“ညက ရေလို့တောင်မနိုင်ဘူး။ ဘာလို့လဲဆိုတော့ မနေ့ကညအစောထဲက တချိန်လုံးပစ်နေတာ။ စပ်ကြား စပ် ကြား ပစ်နေတာကနေ ညသန်းခေါင်လောက်ကျတော့ နာရီဝက်တောင်မရပ်ဘူး။ ၁၀ မိနစ်လောက်ရပ်တယ်။ အုန်းခနဲထပ်ချတယ်။ ငါးမိနစ်လောက်ရပ်တယ်။ ထပ်ပြီးတော့ချတယ်။ ဆက်တိုက် ဆက်တိုက်ပဲ” အဆိုပါအမျိုး သမီးကပြောသည်။
လင်းသီရွာကို မေလ ၁၄ ရက်တွင် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့ရာ အရပ်သားများသေဆုံးခဲ့ကာ သေဆုံးခဲ့သူများ၏အလောင်းများကို တိုက်ပွဲများကြားထဲကကောက်ယူခဲ့ရပြီး ကမန်တိုင်းရင်းသား ၇ ယောက်၊ ရခိုင်လူမျိုး ၁ ယောက်သေဆုံးခဲ့သလို ဆေးရုံတွင် သေဆုံးသူက ၂ ယောက်ဖြစ်သည်ဟု ၎င်းကဆိုသည်။
ထိခိုက်ဒဏ်ရာရခဲ့သူ ဒေါ်သန်းသန်း အသက်၆၀ နှစ်ခန့် သည်လည်း သံတွဲဆေးရုံတွင် လက်ပြတ်သည့်ဒဏ်ရာအား ခွဲစိတ်ကုသမှု ၂ ကြိမ်ခံယူခဲ့ပြီး ဆေးရုံတွင်ခွဲစိတ်ဆရာဝန်မရှိသဖြင့် အရိုးအထူးကုဆရာဝန်က ကုသပေးနေရသည်ဟု ဒေသခံများထံကသိရသည်။
လင်းသီရွာ၌ နေအိမ်များဖောက်ထွင်းခံနေရပြီး ရွာသားထက်ဝက်ခန့်သည်လည်း ၎င်းတို့နေအိမ်များ မီးရှို့ခံရမည်ကို စိုးရိမ်သောကြောင့် အမျိုးသားအများစု နေရစ်ခဲ့သည်ဟုသိရသည်။
သံတွဲမြို့ရှိ စစ်ဆေးရေးဂိတ်များကိုလည်းပိတ်ထားကာ ရဲစခန်းထောက်ခံစာ၊ ရပ်ကွက်ထောက်ခံစာနှင့် ဆေး လက်မှတ်ပြမှသာ ကျန်းမာရေးကိစ္စဖြင့် ပြည်သူအား စစ်ကောင်စီက ခရီးသွားခွင့်ပြုသည်ဟု သိရသည်။
ဧပြီနှင့် မေလဆန်းပိုင်းတွင် ရခိုင်ပြည်နယ်၌ စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော်- AAတို့ကြား ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ပြီး တိုက်ပွဲအများစုတွင် စစ်ကောင်စီတပ်က လေကြောင်းနှင့် ရေကြောင်းကပါ ပစ်ခတ်တိုက်ခိုက်ခဲ့သည်။
ဗီဒီယို- ပေးပို့
**
Telegram – > https://t.me/ThanLwinKhetNews/4611
YouTube -> https://youtu.be/eHNyBqRPAwk
Website -> https://thanlwinkhet.net/?p=10040