ထားဝယ်မြို့အဝင် စစ်ဆေးရေးဂိတ်တိုက်ခိုက်ခံရ၊ စစ်ကောင်စီတပ်သား ၂ ဦးသေဆုံး
*******
သဇင်
မေလ ၁၅၊ ၂၀၂၄။
တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင် ၊ ထားဝယ်မြို့နယ် အိမ်ရှေ့ပြင်ရပ်ကွက်ရှိ ထားဝယ်မြို့အဝင် စစ်ဆေးရေးဂိတ်အား KNLA နှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များ ဝင်ရောက်တိုက်ခိုက်ခဲ့သည်ဟု ဗထူးတပ်မတော်က ထုတ်ပြန် ထားသည်။
ပြီးခဲ့သည့် မေလ ၁၃ ရက် နေ့လယ် ၁၂ နာရီခွဲခန့်တွင် အင်အား ၂၀ ခန့်ရှိသည့် အဆိုပါစစ်ဆေးရေးဂိတ်အား ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၂ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူများလည်းရှိခဲ့သည်ဟု သိရ သည်။
ဗထူးတပ်မတော် ပြန်ကြားရေးတာဝန်ခံက “အပြန်အလှန်ပစ်ခတ်တာနဲ့ သူတို့ဘက်က လက်နက်ကြီးပစ်ကူတာနဲ့ ဆိုရင် ၁ နာရီနီးပါးလောက်ကြာမယ်။ သူတို့ဘက်က ၂ ဦးသေတယ်လို့ အရင်ဆုံးသိထားရတယ်ပေါ့နော်။ သူတို့ကို RPG နဲ့လည်း ထုတာဆိုတော့ နောက်ထပ် သေဆုံးထိခိုက်မှုလည်းရှိနိုင်သေးတယ်” ဟုဆိုသည်။
အဆိုပါပစ်ခတ်မှုအပြီး ထားဝယ်မြို့အဝင်အထွက် စစ်ဆေးရေးဂိတ်ကို စစ်ကူများရောက်ရှိလာပြီး ဂိတ်အနီးတဝိုက် စစ်ဆေးမှုများပြုလုပ်ကာ လူငယ် ၁ ဦးအား ဖမ်းဆီးခဲ့သည်ဟုလည်း ၄င်းကဆက်လက်ပြောဆိုသည်။
ယင်းအပြင် စစ်ကောင်စီစစ်ဆေးရေးဂိတ်ကနေ လက်နက်ကြီးများဖြင့်ပစ်ခတ်မှုကြောင့် ဂိတ်အနီးရှိ လူနေအိမ်ပေါ် ကျရောက်ခဲ့ပြီး သက်ကြီးပိုင်းအမျိုးသား ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။
အဆိုပါစစ်ကောင်စီဂိတ်စခန်းတိုက်ခိုက်မှုအား KNLA တပ်မဟာ ၆၊ တပ်ရင်း၂၇ နှင့် ဗထူးတပ်မတော် – BHA တို့က ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
၂၀၂၄ ခုနှစ်အတွင်း စစ်ရေးအရှိန်မြှင့်ကာ အာဏာသိမ်းစစ်တပ်အား အမြစ်ဖြတ်ချေမှုန်းတိုက်ခိုက်သွားမည် ဖြစ် သည့်အတွက် ပြည်သူများအနေဖြင့် စစ်ရေးအသိသတိဖြင့် သွားလာနေထိုင်ကြရန်နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ များက တရားဝင်အသိပေးထုတ်ပြန်ထားသည့်ထုတ်ပြန်ချက်များအား လေးစားလိုက်နာရန် ဗထူးတပ်မတော်က အသိပေးထုတ်ပြန်ထားသည်။
ဓာတ်ပုံ – ဗထူးတပ်မတော်။
ပုံစာ – ဗထူးတပ်မတော်အဖွဲ့သားများ မစ်ရှင်ဖော်ဆောင်နေသည့်မြင်ကွင်း။ ပုံဟောင်း