“သူများ မိသားစု ကွဲမယ့် ကိစ္စ၊ သူများ ဘဝပျက်မယ့် ကိစ္စတွေ မလုပ်ချင်တော့ဘူး”
အသက် ၂၉ နှစ်အရွယ် ကိုကောင်းအတွက် ထိုစကားသည် သူ၏ လိပ်ပြာမလုံမှုများကို ထင်ဟပ်နေသော်လည်း နေ့စဉ်စားဝတ်နေရေးနှင့် ရွေးချယ်စရာမရှိသည့် အခြေအနေများအောက်တွင် ယခုအလုပ်ကို ခြောက်လတိုင်တိုင် ဆက်လက်လုပ်ကိုင်နေရဆဲ ဖြစ်သည်။
သူလုပ်နေရသည့် အလုပ်က ဆောက်လုပ်ရေးလုပ်ငန်းခွင်ဆိုသော်လည်း လက်ရှိ ကမ္ဘာတစ်ဝန်းတွင် နာမည်ဆိုးဖြင့် ကျော်ကြားနေသော “ကျားဖြန့်” (အွန်လိုင်းငွေလိမ်) ဂိုဏ်းများ လည်ပတ်ရန်အတွက် အဆောက်အအုံများ ဆောက်လုပ်ပေးရခြင်း ဖြစ်သည်။ ရာဇဝတ်လုပ်ငန်းကြီး လည်ပတ်နိုင်ရန် ထောက်တိုင်တစ်ခုအဖြစ် ပါဝင်နေရခြင်းကို သူ ကောင်းကောင်းသိနေသည်။

၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံတစ်ဝန်း စစ်ရေးပဋိပက္ခများ၊ စီးပွားရေးပြိုလဲမှုများနှင့်အတူ စစ်ကောင်စီ၏ အတင်းအကျပ် စစ်သားစုဆောင်းသည့် ဥပဒေတို့သည် မြန်မာလူငယ်များ၏ အနာဂတ်ကို ရိုက်ချိုးလိုက်ပြီး ၎င်းတို့ကို နယ်စပ်ရှိ အွန်လိုင်းငွေလိမ်လုပ်ငန်းများဆီသို့ အလုံးအရင်း တွန်းပို့လျက်ရှိသည်။
နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာစိုင်းကြည်ဇင်စိုးက “လူငယ်တစ်ဦးချင်းစီရဲ့ ရွေးချယ်မှု ဒါမှမဟုတ် ပြစ်မှုလို့ မြင်နေတာက ပြဿနာရှိပါတယ်။ ဒါဟာ ကျွန်တော်တို့နိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လုံခြုံရေး ကဏ္ဍစုံ ပျက်စီးသွားတဲ့ Structural (အဆောက်အအုံပိုင်းဆိုင်ရာ) ပြဿနာကြီး ဖြစ်ပါတယ်” ဟု ထောက်ပြသည်။
ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ် (UNDP) ၏ အစီရင်ခံစာအရလည်း အာဏာသိမ်းမှုနောက်ဆက်တွဲ စီးပွားရေးပျက်သုဉ်းမှုကြောင့် မြန်မာနိုင်ငံရှိ လူငယ်လေးဦးလျှင် တစ်ဦးမှာ လက်ရှိ အလုပ်လက်မဲ့ဖြစ်နေကြောင်း သိရသည်။
ယခုအခါ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်းရှိ ကျားဖြန့်ဇုံများတွင် အသက် ၁၈ နှစ်မှ ၃၅ နှစ်ကြား မြန်မာလူငယ် ထောင်ပေါင်းများစွာသည် ငွေလိမ်သည့်အလုပ်များအပြင် ဆောက်လုပ်ရေး၊ ချက်ပြုတ်ရေး၊ လုံခြုံရေး၊ စကားပြန်နှင့် ပြည့်တန်ဆာအလုပ်များတွင်ပါ လုပ်အားပေးနေကြရသည်။

ရွေးချယ်စရာမဲ့ အလုပ်ခွင်များနှင့် ဝင်ငွေဆွဲအား
အာဏာသိမ်းမှုနောက်ပိုင်း ထိုင်းနိုင်ငံဘက်သို့ တိမ်းရှောင်လာရသော လူငယ်များသည် တရားဝင်အလုပ်အကိုင် ကန့်သတ်ချက်များကြားတွင် အခြေခံလုပ်သားအဖြစ် တစ်ရက်လျှင် ဘတ် ၂၀၀ ခန့်ဖြင့်သာ ရုန်းကန်နေကြရသည်။ တစ်ဖက်တွင်မူ ကျားဖြန့်လုပ်ငန်းခွင်များရှိ ဆောက်လုပ်ရေးအလုပ်ကြမ်းသမား တစ်ဦး၏ လုပ်အားခသည် တစ်ရက်လျှင် ဘတ် ၃၀၀ ရရှိနေပြီး လုံခြုံရေးဝန်ထမ်း တစ်ဦး၏ အနိမ့်ဆုံးလစာမှာ ဘတ် ၆၀၀၀ အထိ ရှိသည်။ တရုတ်၊ အင်္ဂလိပ် စကားပြန်များနှင့် ကွန်ပျူတာကျွမ်းကျင်သူ (Scammer) များဆိုလျှင် တစ်လလျှင် ဘတ် ၃၀,၀၀၀ မှ ၅၀,၀၀၀ (ကျပ်သိန်း ၃၀ မှ ၅၀ ဝန်းကျင်) အထိ ရရှိကြသည်။
မြန်မာနိုင်ငံတွင်း တရားဝင်စီးပွားရေးစနစ်အတွင်း တစ်လလျှင် အများဆုံး ကျပ်လေးသိန်းသာ ရရှိနေချိန်တွင် ထိုသို့သော ထက်ဝက်မက ကွာဟသည့် ငွေကြေးဆွဲဆောင်မှုမှာ လူငယ်များအတွက် ငြင်းဆန်ရန် ခက်ခဲသည့် အခြေအနေ ဖြစ်နေသည်။
“ဟိုမှာက တစ်လကို ၂၉ သိန်း၊ သိန်း ၃၀ လောက် ရနေတာ။ ဒီမှာ ပြန်လာပြီး ၃ သိန်း၊ ၄ သိန်းနဲ့ တစ်လကုန်အောင် ရုန်းကန်ရတဲ့အခါ သူတို့ မခံနိုင်တော့ဘူး။ ဒါကြောင့် နောက်တစ်ခါ Scam မလုပ်တော့ဘူးဆိုတဲ့ သူတွေတောင် ဒုတိယအကြိမ် ပြန်သွားကြတာ အများကြီးပဲ” ဟု လူငယ်များ၏ အခြေအနေကို လေ့လာစောင့်ကြည့်နေသူ ကိုမျိုးက ဆိုသည်။

လူကုန်ကူးမှု ပိုက်ကွန်နှင့် သွေးဆောင်ဖြားယောင်းမှုများ
ကြီးမားသော ဝင်ငွေကွာဟချက်သည် လူငယ်များကို ပစ်မှတ်ထားစရာ လုပ်အားစုတစ်ခု ဖြစ်လာစေခဲ့သည်။ ဖေ့စ်ဘွတ်၊ တစ်တော့ခ်၊ တယ်လီဂရမ် ကဲ့သို့သော လူမှုကွန်ရက်များပေါ်တွင် လစာမက်လုံးပေးထားသည့် အလုပ်ခေါ်စာများကို နေ့စဉ်နှင့်အမျှ တွေ့နေရသည်။ လုပ်ငန်းခွင်အတွင်းသို့ လူသစ်တစ်ဦး ခေါ်ဆောင်ပေးနိုင်ပါက ပွဲစားခ ဘတ် ၅၀၀ မှ ၁၅,၀၀၀ အထိ အကျိုးဆောင်ခငွေ ရရှိကြသဖြင့် သွေးဆောင်ဖြားယောင်းမှုများ ပိုမိုများပြားလာသည်။
အချို့လူငယ်များမှာ ကျားဖြန့်မှန်းသိသိဖြင့် ဝင်ရောက်ကြသော်လည်း အချို့မှာမူ ရိုးရိုး Data Entry သို့မဟုတ် ဘာသာပြန်အလုပ်ဟု ထင်မှတ်ကာ ရောင်းစားခံရခြင်းများလည်း ရှိနေသည်။ အသက် ၁၃ နှစ်မှ ၁၆ နှစ်အရွယ် အသက်မပြည့်သေးသူများပါ လုပ်ငန်းခွင်များထဲသို့ ရောက်ရှိနေကြသလို၊ အမျိုးသမီးငယ်များ၏ အခြေအနေမှာမူ ပိုမိုဆိုးရွားပြီး ပြည့်တန်ဆာအဖြစ် ခိုင်းစေခံရခြင်းနှင့် အတင်းအကျပ် ရောင်းစားခံရခြင်းများကိုပါ ရင်ဆိုင်နေကြရသည်။

အသက် ၂၄ နှစ်အရွယ် ကိုဝဏ္ဏက ကျားဖြန့်ထဲ ရောက်သွားသည့် မိန်းကလေး သူငယ်ချင်းတစ်ဦးနှင့် ပတ်သက်ပြီး လွန်ခဲ့သည့် တစ်နှစ်က နောက်ဆုံးအဆက်အသွယ်ရခဲ့စဉ်က သူကြားသိခဲ့ရသည်ကို ယခုလို ဆိုသည်။
“သူ ဒီမှာ ဆက်နေရင်တဲ့ သူ့ကိုလည်း အဲ့ဒီ တရုတ်တွေနဲ့ ပေးစားနေတာ တောက်လျှောက်တဲ့။ နေလည်း မနေရဲတော့ဘူးဆိုပြီး ပြောတယ်။ နောက်နေ့ မနက်လည်းကျရော သူကတော့ လုံးလုံးကို ပျောက်သွားတာ။ အခုထိ သူ့အိမ်ကလည်း အဆက်အသွယ် မရတော့ဘူး”
ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး (OHCHR) ၏ အစီရင်ခံစာအရ မြန်မာနိုင်ငံအတွင်း အနည်းဆုံး လူပေါင်း ၁၂၀,၀၀၀ ခန့်သည် အတင်းအကျပ် အွန်လိုင်းလိမ်လည်မှုများ ပြုလုပ်ရန် ခိုင်းစေခံနေရကြောင်း ခန့်မှန်းထားသည်။ အဆိုပါ မြန်မာနိုင်ငံတွင်းရှိ ကျားဖြန့်လုပ်ငန်းခွင်များသည် ကရင်ပြည်နယ် မြဝတီ၊ ဘုရားသုံးဆူနှင့် ရှမ်းပြည်နယ် လောက်ကိုင်၊ မိုင်းလား၊ တာချီလိတ် စသည့် နယ်စပ်ဒေသများအတွင်းရှိ လက်နက်ကိုင်တပ်ဖွဲ့များ ထိန်းချုပ်ရာ နယ်မြေများတွင် အများဆုံး အမြစ်တွယ် တည်ရှိနေကြသည်။ အထူးသဖြင့် မြဝတီမြို့နယ်အတွင်းရှိ ရွှေကုက္ကိုလ်၊ KK Park နှင့် Huanya Park စသည့် နာမည်ဆိုးဖြင့် ကျော်ကြားသော နေရာများမှာ လူသိများသည်။
ဒေသတွင်း အစီရင်ခံစာများတွင် မြန်မာလူငယ်အရေအတွက် သီးသန့်ကို ကိန်းဂဏန်းအဖြစ် သီးခြားခွဲထုတ်ပြဆိုထားခြင်း မရှိသော်လည်း လက်တွေ့မြေပြင်တွင် ကျားဖြန့်ဆိုက်တစ်ခုချင်းစီ၌ မြန်မာအလုပ်သမား အရေအတွက်သည် အနည်းဆုံး ၂၀ ရာခိုင်နှုန်းမှ ၅၀ ရာခိုင်နှုန်းဝန်းကျင်အထိ ရှိနေကြောင်း မြေပြင်စစ်တမ်းများက ဆိုသည်။ ယင်းအခြေအနေကို သက်သေပြနေသည်မှာ ၂၀၂၅ ခုနှစ် အောက်တိုဘာလက ကရင်အမျိုးသားအစည်းအရုံး (KNU) က မင်းလက်ပံရှိ ကျားဖြန့်ဂိုဏ်းကို ဝင်ရောက်စီးနင်းခဲ့စဉ်က ဖမ်းဆီးရမိသည့် လုပ်သား စုစုပေါင်း ၄,၀၀၀ အနက် ထက်ဝက်ဖြစ်သော လူ ၂,၀၀၀ မှာ မြန်မာလူငယ်များ ဖြစ်နေသည့် ဖြစ်စဉ်ပင် ဖြစ်သည်။

ထိုသို့ မြန်မာလူငယ်များ ကျားဖြန့်ဇုန်များထဲသို့ ရောက်ရှိသွားရသည့် အကြောင်းရင်းမှာ ပြည်တွင်း တွန်းအားနှင့် လူကုန်ကူးသူများ၏ အွန်လိုင်းထောင်ချောက်များကြောင့်ပင် ဖြစ်သည်။ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလတွင် စစ်ကောင်စီက စစ်မှုထမ်းဥပဒေကို စတင်အသက်ဝင်စေခဲ့ပြီးနောက် အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်းရှိ မြန်မာလူငယ် အမြောက်အမြားသည် နယ်စပ်ဒေသများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြသည်။ လက်ရှိ ၂၀၂၆ ခုနှစ်အထိ အတင်းအကျပ် စစ်သားစုဆောင်းခံရသည့် လူငယ်အရေအတွက်မှာ စုစုပေါင်း ၁၂၀,၀၀၀ ကျော် ရှိနေပြီဖြစ်ကြောင်း လွတ်လပ်သော လေ့လာစောင့်ကြည့်ရေးအဖွဲ့များက ခန့်မှန်းထားကြပြီး စစ်မှုထမ်းခြင်းနှင့် ငတ်မွတ်ခေါင်းပါးခြင်းဘေးမှ ရှောင်လွှဲရန် ကြိုးပမ်းရင်း လူငယ်အများအပြားမှာ လူကုန်ကူးသူများ၏ ထောင်ချောက်အတွင်းသို့ သက်ဆင်းသွားခဲ့ကြရသည်။
လက်နက်ကိုင်များ၏ အရိပ်အောက်မှ ထိန်းချုပ်မှုမဲ့ အရိပ်ပြိုင်စီးပွားရေး
ကျားဖြန့်ရာဇဝတ်ဂိုဏ်းများသည် နယ်စပ်ရှိ လက်နက်ကိုင် အဖွဲ့အစည်းများ၏ အကာအကွယ်ဖြင့် လည်ပတ်နေကြခြင်း ဖြစ်သည်။ ဒေသတွင်း လှုပ်ရှားနေသော ကရင်နယ်ခြားစောင့်တပ် BGF (ယခု KNA) နှင့် ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA) အဖွဲ့တို့သည် မြေနေရာငှားရမ်းခြင်းနှင့် လုံခြုံရေးယူပေးခြင်းများအတွက် အကျိုးအမြတ် အများအပြား ရရှိနေကြသည်။
“ဒီစခန်းတွေကို DKBA က လုံခြုံရေး ယူပေးထားတာပါ။ တရုတ်တွေ သွားရင် နောက်ကနေ Bodyguard လိုက်ပေးရတယ်” ဟု ဒေသခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးစိုးက အတည်ပြုပြောသည်။
နိုင်ငံတကာက နယ်စပ်ရှိ လက်နက်ကိုင်ခေါင်းဆောင်များကို ပိတ်ဆို့အရေးယူမှု (Sanctions) များ ချမှတ်ပြီး ထိုင်းနိုင်ငံဘက်မှ မီးနှင့် အင်တာနက် ဖြတ်တောက်မှုများ လုပ်ဆောင်ခဲ့သော်လည်း လုပ်ငန်းများမှာ ရပ်တန့်မသွားပေ။ Starlink အင်တာနက်စလောင်းများ အသုံးပြုခြင်းနှင့်အတူ တရားဝင်ဘဏ်စနစ်ကို ရှောင်ကွင်း၍ Crypto (ဒစ်ဂျစ်တယ်ငွေကြေး) များဖြင့်သာ ငွေကြေးလည်ပတ်နေကြသည်။

လုံခြုံရေး အုတ်ရိုးများ နောက်ကွယ်က လူ့ငရဲခန်း
စခန်းဝင်းများအတွင်းသို့ ရောက်ရှိသွားသော လူငယ်များ၏ အသက်အန္တရာယ် လုံခြုံမှုမှာ ဥပဒေပြင်ပတွင်သာ ရှိနေသည်။ ငွေလိမ်ရန် ငြင်းဆန်သူများ၊ ထွက်ပြေးရန် ကြိုးစားသူများသည် ပြင်းထန်သော ညှဉ်းပန်းနှိပ်စက်မှုများကို ရင်ဆိုင်ကြရသည်။ ကိုယ်ရေးအထောက်အထား စာရွက်စာတမ်းများကို သိမ်းဆည်းခြင်း၊ နေ့စဉ် ၁၉ နာရီအထိ စောင့်ကြည့်ခံရလျက် လိမ်လည်မှုများ လုပ်ဆောင်ခိုင်းခြင်းတို့ကို ခံကြရပြီး နေ့စဉ် ငွေကြေးပစ်မှတ်ကို မပြည့်မီပါက လစာဖြတ်ခြင်း၊ အခန်းတွင်း ပိတ်ခံရခြင်း ကဲ့သို့သော ပြစ်ဒဏ်များကို ခံကြရသည်။
အဆိုပါ နယ်မြေတွင်း ဆေးရုံတစ်ခုတွင် တာဝန်ထမ်းဆောင်ခဲ့ဖူးသူများနှင့် နီးစပ်သူ တစ်ဦး၏ ပြန်လည်ပြောပြချက်က အဆိုပါငရဲခန်းများ၏ အခြေအနေကို အထင်းသား ပေါ်လွင်စေသည်။
“သေလုမြောပါး အထိ သူတို့ နှိပ်စက်ပြီးတော့ လုံးဝ မရတော့တဲ့ အခြေအနေ ကျမှ ဆေးရုံကို ပို့တာမျိုး ရှိတယ်။ အနှိပ်စက်ခံပြီး ရောက်လာတဲ့ လူနာက ‘ငါ့ကို ကုပေးသွားရင်လည်း ဟို ပြန်ရောက်ရင် ပြန်ပြီး နှိပ်စက်ခံရမှာပဲ၊ သေပါစေတော့’ လို့ ပြောတာလည်း ကြုံဖူးတယ်တဲ့” ဟု ၎င်းက ဆိုသည်။
ကျဉ်းကျပ်သော အခန်းများအတွင်း စုပြုံနေထိုင်ရသဖြင့် တီဘီ (TB) ကဲ့သို့သော ကူးစက်ရောဂါများ ပြင်းထန်စွာ ပျံ့နှံ့နေသော်လည်း အလုပ်သမားများ၏ ကျန်းမာရေးထက် လုပ်ငန်းလည်ပတ်ရေးကိုသာ ဦးစားပေးနေကြသည်။
အရပ်ဘက်အဖွဲ့အစည်းမှ တက်ကြွလှုပ်ရှားသူ နော်လာရှီးကလည်း “သူတို့မှာ ပိုက်ဆံရဖို့ တစ်ကိုယ်ကောင်းစိတ်တွေ ကြီးစိုးလာပြီး လူတစ်ယောက် သေသွားတာကို ကြက်ကလေး၊ ငှက်ကလေး သေသွားသလို သဘောထားပြီး ဆက်လုပ်နေကြမယ့် အခြေအနေ” ဟု လူငယ်များ၏ စိတ်ပိုင်းဆိုင်ရာ ပျက်စီးယိုယွင်းလာမှုကို ဆိုသည်။

အယောင်ပြ ဖြိုခွဲမှုများနှင့် ရွှေ့ပြောင်း လုပ်ငန်းများ
၂၀၂၄ ခုနှစ်အတွင်း တရုတ်နိုင်ငံသားများ ဖမ်းဆီးခံရမှုနှင့် နိုင်ငံတကာ ဖိအားများ မြင့်တက်လာပြီးနောက် စစ်ကောင်စီနှင့် နယ်စပ်လက်နက်ကိုင်အဖွဲ့များက ကျားဖြန့်များကို နှိမ်နင်းရန် ကြိုးပမ်းမှုအချို့ ရှိခဲ့သည်။ ယခင် စစ်ကောင်စီပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ်ဇော်မင်းထွန်းကလည်း “အွန်လိုင်းငွေလိမ်လည်မှုလုပ်ငန်းတွေကို အမြစ်ပြတ်အောင်အထိ လုံးဝပပျောက်အောင် လုပ်ဆောင်နေပါတယ်” ဟု ပြောဆိုထားသည်။
၂၀၂၅ ခုနှစ်နှောင်းပိုင်းတွင် KK Park ကို စစ်ကောင်စီတပ်များက ဝင်ရောက်စီးနင်းပြီး လူပေါင်း ၂,၀၀၀ ကျော်ကို ဖမ်းဆီးခဲ့သည့်အပြင် စခန်းတွင်းရှိ အဆောက်အအုံ ၆၃၅ လုံးကိုပါ ဖြိုချဖျက်ဆီးပြခဲ့သည်။
ထိုသို့ မြေပြင်တွင် KK Park နှင့် ရွှေကုက္ကိုလ်ကဲ့သို့သော နေရာများ၌ အယောင်ပြဖြိုခွဲမှုများ လုပ်ဆောင်ပြခဲ့သော်လည်း လုပ်ငန်းရှင်များမှာ သတင်းကြိုရသဖြင့် လုပ်ငန်းများကို အခြားစခန်းသစ်များသို့ ချက်ချင်းရွှေ့ပြောင်းပစ်ခဲ့ကြသည်။
“အခုဆို ဆိုက်တွေက တောင်ပေါ်တွေ ရောက်ကုန်ပြီ။ မြေပြန့်မှာ သိပ်မထားတော့ဘူး။ ဟိုရက်ကတင် ရွှေ့သွားတာ။ အခုနေရာလည်း နောက်လေးလလောက်ဆိုရင် ပြောင်းရမယ် ကြားတယ်” ဟု လုပ်ငန်းခွင်တွင်း လုပ်ကိုင်နေသူ အမျိုးသား တစ်ဦးက ဆိုသည်။
လက်ရှိ ၂၀၂၆ ခုနှစ်အတွင်းတွင်ပင် ကရင်ပြည်နယ် မြဝတီမြို့နယ်အတွင်းရှိ ဝေါလေ၊ ဝါးမီးထစသည့် ကျေးရွာများအတွင်း တောင်ထိပ်များပေါ်တွင် အုတ်ရိုးများ၊ ဘန်ကာများဖြင့် အခိုင်အမာ ဆောက်လုပ်ထားသော စခန်းသစ် ၂၀ ခုထက်မနည်း ထပ်တိုးလာနေသည်။

ထွက်ပေါက်မဲ့ အနာဂတ်အတွက် အဖြေရှာခြင်း
ဤပြဿနာကို ဖြေရှင်းရန်အတွက် လူငယ်များကို အပြစ်တင် အရေးယူနေခြင်းဖြင့် မရနိုင်ကြောင်း ပညာရှင်များက ထောက်ပြကြသည်။
ဒေါက်တာစိုင်းကြည်ဇင်စိုးက “အရေးကြီးတာက စစ်အစိုးရအနေနဲ့ စစ်မှုထမ်းဥပဒေကို ချက်ချင်း ရပ်ဆိုင်းဖို့ လိုပါတယ်။ အတင်းအကျပ် ပါဝင်နေရတဲ့ လူငယ်တွေကို ရာဇဝတ်သားအဖြစ် သတ်မှတ်တာမျိုး မလုပ်မိစေဖို့ တအား အရေးကြီးပါတယ်။ ရင်းနှီးမြှုပ်နှံသူကြီးတွေကိုပဲ အပြစ်ပေး အရေးယူရမှာပါ” ဟု အကြံပြုသည်။
လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးရဲမင်းဇင် ထောက်ပြခဲ့သကဲ့သို့ ရေရှည်အဖြေမှာ နိုင်ငံရေး အပြောင်းအလဲပေါ်တွင်သာ တည်မှီနေပြီး စစ်အုပ်စု၏ အကျင့်ပျက်ယန္တရားနှင့် ၎င်းတို့ကို အကာအကွယ်ပေးထားသော လက်နက်ကိုင်များကို အမြစ်ပြတ် တိုက်ဖျက်နိုင်မှသာလျှင် အဆိုပါအရိပ်ပြိုင်စီးပွားရေးကို ရပ်တန့်နိုင်မည် ဖြစ်သည်။
သို့သော် ယနေ့အချိန်တွင်မူ နိုင်ငံရေးအကျပ်အတည်းနှင့် နေ့စဉ် စားဝတ်နေရေးအတွက် ရုန်းကန်နေရဆဲဖြစ်သော ကိုကောင်းတို့လို လူငယ်များအတွက်၊ မိသားစုများကို ရှာကျွေးနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် ကျားဖြန့်ဆိုသည့် ငရဲခန်းများသည် မသွားချင်သော်လည်း လမ်းဆုံးအဖြစ် သွားနေရဆဲပင်။ “ဒီအလုပ်က ထွက်ရင် ဘာလုပ်ရမလဲဆိုတာ တွေးလို့တောင် မရတဲ့” ရွေးချယ်စရာမဲ့ အဖြေတစ်ခုအဖြစ် ဆက်လက် တည်ရှိနေဆဲ ဖြစ်တော့သည်။
ဤစုံစမ်း ထောက်လှမ်း သတင်း ဆောင်းပါးအား Thomson Reuters Foundation ၏ လမ်းညွှန်ပံ့ပိုးမှု အစီအစဉ်မှ ပံ့ပိုးကူညီထားခြင်း ဖြစ်ပါသည်။
