ရာထူးမှ ဖယ်ရှားခံခဲ့ရသည့် ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာဆီနာက ၎င်းအပေါ် မျက်ကွယ်သေဒဏ်ချမှတ်ထားမှုကို ပယ်ချလိုက်ပြီး ယခုနှစ်အတွင်း နိုင်ငံသို့ ပြန်လည်ဝင်ရောက်မည်ဟု ပြောကြားလိုက်သည်။
၂၀၂၄ ခုနှစ် ဩဂုတ်လတွင် အိန္ဒိယနိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီးနောက်ပိုင်း ၎င်းအနေဖြင့် နိုင်ငံတွင်း ပြန်လည်ဝင်ရောက်မည့် အချိန်ဇယားကို ပထမဆုံးအကြိမ် ထုတ်ဖော်ပြောဆိုခြင်း ဖြစ်သည်။
ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာဆီနာက အဆိုပါ စီရင်ချက်မှာ “တရားမဝင်သလို၊ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့လည်းမညီဘဲ နိုင်ငံရေးအရ လုပ်ကြံဖန်တီးထားခြင်း” ဖြစ်ကြောင်း ရှုတ်ချခဲ့သည်။
အသက် ၇၈ နှစ်အရွယ် ရှိတ်ဟာဆီနာသည် ၂၀၂၄ ခုနှစ် ဩဂုတ်လက ကျောင်းသားများဦးဆောင်သည့် လူထုအုံကြွမှုကြောင့် အာဏာလက်လွှတ်ခဲ့ရပြီး အိန္ဒိယနိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။
ဟာဆီနာက အိန္ဒိယရုပ်သံလိုင်းတစ်ခုဖြစ်သော NDTV နှင့် ပြုလုပ်ခဲ့သည့် အင်တာဗျူးတွင် မိမိအနေဖြင့် မည်သည့်အန္တရာယ်ကိုမျှ ကြောက်ရွံ့ခြင်းမရှိဘဲ နေရပ်သို့ ပြန်နိုင်ရန်ကြိုးစားသွားမည်ဟု ပြောကြားခဲ့သည်။
သေဒဏ်ချမှတ်ခံထားရသော်လည်း နိုင်ငံသို့ ပြန်လာမည်လားဟု သတင်းထောက်က မေးမြန်းရာတွင် “အတားအဆီးတွေနဲ့ ပူးပေါင်းကြံစည်မှုတွေအားလုံး ကျော်လွှားပြီး ကျွန်မ ဒီနှစ်ထဲမှာပဲ မိခင်နိုင်ငံကို ပြန်သွားမယ်ဆိုတာ ရှင်းရှင်းလင်းလင်း ပြောချင်ပါတယ်” ဟု ရှိတ်ဟာဆီနာက ဖြေကြားခဲ့သည်။
၎င်းအနေဖြင့် နိုင်ငံသို့ ပြန်လာမည့် အချိန်ကာလတစ်ခုကို အတိအလင်း ပြောကြားခဲ့ခြင်းမှာ ယခုအကြိမ်သည် ပထမဆုံးဖြစ်သည်။
ပြီးခဲ့သည့် နိုဝင်ဘာလအတွင်းက ဒါကာတရားရုံး၌ ၂၀၂၄ ခုနှစ် လူထုအုံကြွမှုအတွင်း လူသတ်မှုများ ကျူးလွန်ရန် လှုံ့ဆော်ခြင်း၊ အမိန့်ပေးခြင်းနှင့် ရက်စက်ကြမ်းကြုတ်မှုများကို တားဆီးရန် ပျက်ကွက်ခြင်းတို့ဖြင့် ရှိတ်ဟာဆီနာကို ပြစ်ဒဏ်ထင်ရှားစီရင်ကာ သေဒဏ်ချမှတ်ခဲ့သည်။
ရှိတ်ဟာဆီနာက အဆိုပါ တရားရုံးစီရင်ချက်ကို ပယ်ချခဲ့ပြီး ဘင်္ဂလားဒေ့ရှ် တရားစီရင်ရေးစနစ်သည် ၎င်း၏ အဝါမီလိဂ် (Awami League) ပါတီ ခေါင်းဆောင်ပိုင်းကို ဖြုတ်ထုတ်ရှင်းလင်းရန်အတွက် “နိုင်ငံရေးအရ လက်စားချေသည့် လက်နက်တစ်ခု” အဖြစ် အသုံးချခံနေရသည်ဟု စွပ်စွဲ ပြစ်တင်ခဲ့သည်။

ပုံစာ – ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာဆီနာ ပဉ္စမအကြိမ်မြောက် သက်တမ်းအတွက် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၁၁ ရက်နေ့က ကျမ်းသစ္စာကျိန်ဆိုစဉ် ( ဓာတ်ပုံ – AFP)
#ThanLwinKhetNews
