မိုးဗြဲမြို့အနီးတွင် အခြေစိုက်ထားသော တပ်စခန်းတစ်ခုကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ပြီး လက်နက်ခဲယမ်းအမြောက်အမြား သိမ်းဆည်းရမိခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။
တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ဇွန် ၂၈ ရက် နံနက်ပိုင်းတွင် မိုးဗြဲမြို့အနီး လွယ်ယင်းမင်္ဂလာတောင်ကုန်းရှိ စစ်ကော်မရှင် အခြေကုပ်စခန်းကို တန်ပြန်စစ်ဆင်ရေးအဖြစ် ဝင်ရောက်ချေမှုန်း တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ ထိခိုက်သေဆုံးခဲ့ရုံမျှမက ပြည်သူ့စစ် စစ်သုံ့ပန်းတစ်ဦးကိုပါ ဖမ်းဆီးရမိခဲ့သည်ဟု တော်လှန်ရေးတပ်ဖွဲ့များဘက်က ပြောသည်။
” စစ်တပ်အင်အား ၁၀၀ ကျော်လောက်နဲ့ စစ်ကြောင်းထိုးလာလို့ ကင်းစခန်းအရှေ့ဘက်မှာ တစ်ရက် နှစ်ရက်လောက် ထိတွေ့မှုဖြစ်ပွားခဲ့ပါတယ်။ မနေ့ကမှ သူတို့ကို ပြန်ပြီး ချေမှုန်းရေးဝင်တိုက်တာပါ။ စစ်ကောင်စီဘက်က ဆယ်ယောက်ထက်မနည်း သေဆုံးနိုင်ပြီး သူတို့ မသယ်ဆောင်နိုင်ဘဲ ထားရစ်ခဲ့တဲ့ ရုပ်အလောင်းတစ်ခုကိုလည်း မျက်မြင်တွေ့ရှိခဲ့ပါတယ်။ အရှင်တစ်ယောက်လည်း ဖမ်းဆီးရမိထားပါတယ်” ဟု မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (MBPDF) အမှတ် ၁၀၀၁ တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက သံလွင်ခက်သတင်းဌာနကို ပြောသည်။
ယင်းတိုက်ပွဲသည် နံနက် ၆ နာရီခွဲခန့်မှ ၁၁ နာရီအထိ ၅ နာရီနီးပါးကြာမြင့်ခဲ့ပြီး အနီးကပ် ထိတွေ့တိုက်ပွဲပြင်းထန်ခဲ့ခြင်း ဖြစ်သည်။

“တိုက်ပွဲမှာ ပအိုဝ်းပြည်သူ့စစ် (PNO) တော့ မပါဝင်ပါဘူး။ ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်းရဲ့ ထွက်ဆိုချက်အရ သူတို့က စစ်ကောင်စီရဲ့ ခမရ ၄၂၅ နဲ့ ခမရ ၃၃၆ လက်အောက်ခံတပ်ရင်းတွေက ဖြစ်ပြီး ဒီဘက်ဒေသကို စစ်ကူထွက်လာတဲ့ တပ်ရင်းတွေလို့ သိရပါတယ်” ဟု ၎င်းက ဖြည့်ပြောသည်။
အဆိုပါ စစ်ဆင်ရေးကို စစ်ဒေသဗျူဟာအမှတ် ၁၄ လက်အောက်ခံ PDF တပ်ရင်းများ၊ KNDF အမှတ် ၂ စစ်ဒေသ ၊ အယ်လ်ဖာ (Alpha) ဒရုန်းတပ်ဖွဲ့နှင့်ကရင်နီတပ်ပေါင်းစုံ အဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“အခု သူတို့က အရှေ့ဘက်ကို တိုးပြီး ခြေကုပ်ယူဖို့ ကြိုးစားနေပေမဲ့ နယ်မြေကို ထိန်းချုပ်နိုင်တဲ့ အနေအထားတော့ မရှိသေးပါဘူး။ ကျွန်တော်တို့ဘက်က ကျည်ဆန်အင်အား အရမ်း လိုအပ်နေပါတယ်။ လက်နက်ခဲယမ်း လုံလောက်မှုသာရှိရင် ဒီထက်မက နယ်မြေ စိုးမိုးထားနိုင်မှာပါ။” ဟု အဆိုပါ တာဝန်ရှိသူက မှတ်ချက်ပေးသည်။

လက်ရှိတွင် စစ်ကော်မရှင်သည် မိုးဗြဲမြို့ကို ခြေကုပ်ယူကာ မြို့တစ်ခုလုံးအား အလုံးစုံသိမ်းပိုက်နိုင်ရေးအတွက် အင်အား ရာနှင့်ချီကာ ထပ်မံဖြည့်တင်းရန် ပြင်ဆင်နေသည်။
ဓာတ်ပုံ – ပေးပို့
#ThanLwinKhetNews
