ကေအန်ယူ တပ်မဟာ ၃ နယ်မြေ၊ ကျောက်ကြီး (လယ်ဒို) မြို့နယ်အတွင်း နေ့စဉ်နှင့်အမျှ ဖြစ်ပွားနေသော လေကြောင်းတိုက်ခိုက်မှုများနှင့် လက်နက်ကြီးပစ်ခတ်မှုများကြောင့် ဒေသခံကလေးငယ်များသည် ပုံမှန်စာသင်ကျောင်းများတွင် မသင်ကြားရဲဘဲ တောတောင်များအတွင်းရှိ ဗုံးခိုကျင်းများ၌ ပုန်းလျှိုးကွယ်လျှိုး ပညာသင်ကြားနေရကြောင်း သိရသည်။
စစ်ကော်မရှင်၏ ခလရ (၂၆၄) တပ်ရင်းသည် ကျောက်ကြီးမြို့နယ်အတွင်းသို့ ၁၂၀ မမ လက်နက်ကြီးများဖြင့် နေ့ညမပြတ် ပစ်ခတ်နေသည့်အပြင် ကျေးရွာများကို နေ့စဉ် လေကြောင်းဗုံးကြဲတိုက်ခိုက်နေသဖြင့် ဒေသခံများသည် နေအိမ်များတွင် မနေရဲတော့ဘဲ တောတောင်များအတွင်း စစ်ဘေးရှောင်နေကြရသည်။
“ကျွန်တော်တို့ ရွာတွေထဲမှာ လေကြောင်းအန္တရာယ်က နေ့တိုင်းလိုလို ပျံသန်းသွားလာနေတာ။ နီးစပ်ရာတွေကိုလည်း ပစ်ချတော့ နေလို့ထိုင်လို့ မရဘူး။ အဲဒါကြောင့် ဒီလိုဗုံးခိုကျင်းလေးတွေ လုပ်ပြီး ခိုကပ်နေရတယ်။ ဟိုဘက်ကပစ်ရင် ဒီဘက်ပြေး၊ ဒီဘက်ကပစ်ရင် ဟိုဘက်ပြေးရတာပဲ” ဟု တောင်ခင်ကျေးရွာမှ အသက် ၅၀ အရွယ် ဒေသခံအမျိုးသားတစ်ဦးက လက်ရှိအခြေအနေကို ပြောပြသည်။
အလားတူ ရေတွင်းကုန်းကျေးရွာမှ အသက် ၄၇ နှစ်အရွယ် အမျိုးသမီးတစ်ဦးကလည်း ” ဒီ ၂၆၄ ကနေ ပစ်ချနေတာဆိုတော့ နေ့ညမဆိုဘဲ ရှောင်တိမ်းနေရတာ၊ ပုန်းနေရတာပဲ။ ဒါပေမဲ့ ဘယ်နားကို ကျမလဲဆိုတော့.. ကိုယ့်ဘဝလေးကိုယ် လုံခြုံဖို့အတွက် ပြေးပုန်းနေရတာပေါ့။ ’’ဟု အခြေအနေကိုရှင်းပြသည်။
အဆိုပါတပ်ရင်း၏ ပစ်ခတ်မှုများကြောင့် ဇွန် ၂၅ ရက်က လှေတန်းကျေးရွာတွင် နေအိမ် ၃ လုံး ပျက်စီးခဲ့ပြီး၊ ဇွန် ၂၃ ရက်ကလည်း ကျွန်းကြီးကျေးရွာအတွင်း လက်နက်ကြီးကျရောက်မှုကြောင့် အသက် ၄၅ နှစ်အရွယ် အမျိုးသမီးတစ်ဦး ကျည်စထိမှန်ဒဏ်ရာရရှိခဲ့သည်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် စာသင်ကျောင်းများနှင့် ဘုရားကျောင်းများသည် စစ်ကော်မရှင်၏ တိုက်ခိုက်မှုပစ်မှတ်များ ဖြစ်လာခဲ့ကြောင်း လယ်ဒို သတင်းပြန်ကြားရေးတာဝန်ခံက ပြောသည်။
“ရန်သူက ဗုံးကြဲတယ်၊ လေယာဉ်နဲ့ လာပစ်တယ်။ အဲတော့ စာသင်ကျောင်းတွေ၊ ဘုရားကျောင်းတွေပါ သူတို့အတွက် ပစ်မှတ်ဖြစ်လာတယ်။ ကလေးတွေ ပညာရေးအတွက် ဒေသခံတွေနဲ့ ပူးပေါင်းပြီး လုံခြုံရေး အချက်ပေးစနစ်တွေ၊ ဗုံးကျင်းတွေ လုပ်ဆောင်ပေးနေရတယ်” ဟု ၎င်းက ဆိုသည်။
ငွေကြေးတတ်နိုင်သော မိသားစုအချို့မှာ မြို့ပေါ်သို့တက်၍ အိမ်ငှားကာ ကျောင်းထားနိုင်သော်လည်း၊ အခြေခံလက်လုပ်လက်စား မိသားစုများ၏ ကလေးငယ်များမှာမူ ယခုကဲ့သို့ လုံခြုံမှုမရှိသည့် စစ်ဘေးလွတ်ရာ တောတောင်များထဲတွင်သာ ပုန်းလျှိုးသင်ကြားနေရသည်။
မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအဖွဲ့ (ISP Myanmar) ၏ ဇွန် ၂၃ ရက် အချက်အလက်များအရ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် မြန်မာပြည်တွင်း စစ်မက်ဖြစ်ပွားမှုနှင့် အကြောင်းအမျိုးမျိုးကြောင့် ကျောင်းပရဝုဏ်ကို စွန့်ခွာရပြီး အခြေခံပညာသင်ယူခွင့် ဆုံးရှုံးနေရသည့် ကလေးငယ်ဦးရေမှာ ခြောက်ဒသမသုံးသန်း (၆.၃ သန်း) ကျော် အထိ ရှိနေသည်။

ပုံစာ – ကော်သူးလေအုပ်ချုပ်မှုနယ်မြေ၊ ခလယ်လွီထူခရိုင်၊ လယ်ဒို မြို့နယ်တွင်း အာဏာသိမ်းစစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် လူဦးရေ (၆၀၂) ဦး ခန့်မှ ၂၀၂၆ ဧပြီလက အသက်ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့စဉ် ( ဓာတ်ပုံ/ KNU)
