မြန်မာ – အိန္ဒိယ နယ်စပ်ခြံစည်းရိုးခတ်ရန် ဒေါ်လာ ၃ ဒဿမ ၇ ဘီလီယံ အိန္ဒိယသုံးစွဲမည်
*******
သံလွင်ခက်
မတ် ၂၈၊ ၂၀၂၄။
မြန်မာနှင့်ထိစပ်နေသော ကီလိုမီတာ ၁,၆၁၀ ( မိုင် ၁၀၀၀) နယ်စပ်တလျှောက် ခြံစည်းရိုးခတ်ရန်အတွက် အမေရိကန်ဒေါ်လာ ၃ ဒဿမ ၇ ဘီလီယံသုံးစွဲရန် အိန္ဒိယ က စီစဥ်နေသည်ဟု အဆိုပါကိစ္စနှင့် တိုက်ရိုက်ပတ်သက်နေသူ ၁ ဦးက ရိုက်တာသတင်းဌာနကိုပြောသည်။
နယ်စပ်တလျှောက်ဖြစ်ပွားနေသော မှောင်ခိုကူးသန်းမှုများနှင့် အခြားသော တရားမဝင်လှုပ်ရှားမှုများကိုတားဆီးရန် ယခုကဲ့သို့ မြန်မာ – အိန္ဒိယနယ်စပ်ကို ခြံစည်းရိုးခတ်ရန် အိန္ဒိယ က ပြင်ဆင်နေခြင်းဖြစ်သည်။
မြန်မာနိုင်ငံတွင် စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း မြန်မာ – အိန္ဒိယနယ်စပ်နေထိုင်သူများ၏ လုံခြုံရေးနှင့် အိန္ဒိယအရှေ့မြောက်ဒေသ၏ လူဦးရေစာရင်းကိုထိန်းသိမ်းရန် ပြီးခဲ့သောဆယ်စုနှစ်များကတည်းကခွင့်ပြုထားသည့် ဗီဇာကင်းလွတ်ခွင့်မူဝါဒကို အဆုံးသတ်သွားမည်ဖြစ်ပြီး နယ်စပ်ခြံစည်းရိုးခတ်သွားမည်ဟု နယူးဒေလီ က ယခုနှစ်အစောပိုင်းတွင် ပြောကြားထားသည်။
ယခုလအစောပိုင်းမှာတော့ ဝန်ကြီးချုပ် မိုဒီ အစိုးရက အိန္ဒိယ – မြန်မာ နယ်စပ်ခြံစည်းရိုးကုန်ကျစရိတ်ကို ခွင့်ပြုပေးခဲ့သည်ဟု လုံခြုံရေးအရအမည်မဖော်လိုသူ သတင်းရင်းမြစ်ကပြောသည်။
အိန္ဒိယ၏ နယ်စပ်ခြံစည်းရိုးခတ်မည့်ကိစ္စနှင့်ပတ်သက်ပြီး မြန်မာဘက်ကတော့ တစ်စုံတစ်ရာထုတ်ဖော်ပြောဆိုထားသည်မျိုး မရှိသေးပါ။
အိန္ဒိယအရှေ့မြောက်ပိုင်းပြည်နယ်ဖြစ်သည့် မဏိပူရ်တွင်ဖြစ်ပေါ်နေသော လူမျိုးရေးတင်းမာမှုများနှင့်ပတ်သက်ပြီး အိန္ဒိယအစိုးရတာဝန်ရှိသူတချို့ကလည်း မြန်မာနိုင်ငံကို အပြစ်တင်နေကြသည်။
မဏိပူရ်ပြည်နယ်တွင် မြန်မာနိုင်ငံ၏ ချင်းမျိုးနွယ်စုတစ်စုဖြစ်သော ကူကီးချင်းများနှင့် မဏိပူရ်တွင်နေထိုင်သော ကသည်းလူမျိုးများကြား ပြည်တွင်းစစ်ဆန်သည့် လူမျိုးရေးအဓိကရုဏ်းများဖြစ်ပွားနေသည်မှာ ၁ နှစ် နီးပါးရှိလာခဲ့ပြီဖြစ်သည်။
Ref: Reuters
ပုံစာ – အိန္ဒိယ – မြန်မာနယ်စပ်ခြံစည်းရိုး။