MNDAA နှင့် ပြန်လည်သင့်မြတ်ရန် တွေ့ဆုံဆွေးနွေးကာ အဖြေရှာသွားမည်ဟု SSPP ထုတ်ပြန်
*****
သံလွင်ခက်
မတ် ၂၈ ၊ ၂၀၂၄။
မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (ကိုးကန့်တပ်ဖွဲ့) – MNDAA ၏ ထိုးစစ်ဆင်တိုက်ခိုက်မှု များကို ရှမ်းပြည်တိုးတက်ရေးပါတီ / ရှမ်းပြည်တပ်မတော် – SSPP / SSA က ခုခံကာကွယ်သည့် အနေအားဖြင့် သာ ခုခံတိုက်ခိုက်ခဲ့ပြီး တိုင်းရင်းသားအချင်းချင်း ပြန်လည်သင့်မြတ်ရေးရှေးရှုကာ တွေ့ဆုံဆွေးနွေးမူလမ်းစဉ်ဖြင့် ပြသာနာများကို အတတ်နိုင်ဆုံးဖြေရှင်းသွားနိုင်ရန်ဆောင်ရွက်သွားမည်ဟု SSPP / SSA က ယမန်နေ့တွင် ထုတ် ပြန်ထားသည်။
သိန္နီမြို့နယ်၊ နမ့်စလပ်ကျေးရွာအုပ်စုနှင့် စယ်အူကျေးရွာအုပ်စုအတွင်းလှုပ်ရှားနေသည့် SSPP/SSA စစ်ကြောင်း များကို မတ်လ ၂၆ ရက် ညနေ ၃ နာရီကျော်အချိန်တွင် MNDAA က တိုက်ခိုက်ရေးဒရုန်းဖြင့် လိုက်လံတိုက် ခိုက်ရာမှ စယ်အူကျေးရွာအုပ်စု ကုန်းညောင်ကျေးရွာ အနီး၌ ၁၀ မိနစ်ကြာ နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်။
ယမန်နေ့ မတ်လ ၂၇ ရက် နံနက် ၉ နာရီအချိန်တွင်လည်း စယ်အူကျေးရွာအုပ်စု ပန်နားကျေးရွာအနီးရှိ လယ်ကွက်ထဲက MNDAA အင်အား ၂၀၀ ခန့်သည် ၎င်းဝန်းကျင်အနီးရှိ SSPP/SSA ၏ အထူးတပ်စခန်း တစ်နေရာကို တိုက်ခိုက်ရေးဒရုန်းဖြင့် အကြိမ်ပေါင်း ၅၀ ကျော် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု SSPP က ထုတ်ပြန် ထားသည်။
ထို့နောက် နံနက် ၁၁ နာရီကျော်တွင် မြေပြင်စစ်အင်အား ၂၀၀ ကျော်ဖြင့် SSPP/SSA တပ်စခန်းကို ထပ်မံထိုး စစ်ဆင်တိုက်ခိုက်ခဲ့ရာ နေ့လယ် ၁၂ နာရီကျော်အချိန်ထိ နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်။
တွေ့ဆုံဆွေးနွေးရေးလမ်းစဉ်ဖြင့် လုံးဝဖြေရှင်းလို့မရခဲ့မှသာလျှင် မိမိအဖွဲ့အစည်း၊ မိမိအုပ်ချုပ်ရေး နယ်မြေ အတွင်းရှိ မိဘပြည်သူများကို ထိပါးစော်ကားမှုများပြုလုပ်ခဲ့ပါက ထိထိရောက်ရောက်ပြန်လည် တုံ့ပြန်သွားမည်ဟု SSPP / SSA က ထုတ်ပြန်ထားသည်။
MNDAA နှင့် SSPP/ SSA သည် ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေး ကော်မတီ – FPNCC အဖွဲ့ဝင်များလည်း ဖြစ်ကြသည်။
FPNCC တွင် “ဝ”ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် – UWSA၊ ကချင်လွတ်မြောက်ရေးတပ်မတော် – KIA၊ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် – NDAA (မိုင်းလား)၊ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ် တပ်မတော် – MNDAA (ကိုးကန့်) ရက္ခိုင့်တပ်တော် – AA၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် – TNLA နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ / ရှမ်းပြည်တပ်မတော် – SSPP / SSA တို့ပါဝင်သည်။
ပုံစာ – SSPP / SSA တပ်ဖွဲ့ဝင်များ။
Photo – SSPP Info
************
Telegram– > https://t.me/newstlk/4027
YouTube – > https://youtu.be/6X9AvN2FnIw?si=BGNM7eyxs7ZtJG7d
Website – > https://thanlwinkhet.net/?p=8736