စစ်ကောင်စီ၏ ခေတ်ဟောင်းရဟတ်ယာဥ် ၁ စီး ထပ်မံပျက်ကျပြန်
******
(ဂျက်တိုက်လေယာဥ်နှင့် ရဟတ်ယာဥ် ၇ စီးအထိ တော်လှန်ရေးတပ်ဖွဲ့များ ပစ်ချထားနိုင်)
နန်းဆုပန်ခန့်
မတ် ၂၇၊ ၂၀၂၄။
မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ်၊ ရှမ်းတဲလေတပ်စခန်းက ပြင်သစ်နိုင်ငံထုတ် ခေတ်ဟောင်းရဟတ် ယာဉ် ၁စီး စက်ချို့ယွင်းမှုကြောင့် ယမန်နေ့ကပျက်ကျသွားခဲ့သည်ဟု သိရသည်။
အဆိုပါရဟတ်ယာဉ်သည် ပြင်သစ်နိုင်ငံထုတ်အမျိုး အစားဖြစ်ပြီး မြန်မာစစ်တပ်က လေ့ကျင့်ရန်အတွက်သာ အသုံးပြုနေသည်ဟု လေတပ် CDM အုပ်/ခွဲတပ်ကြပ် ကြီး နေဝင်းအောင် က သံလွင်ခက်ကိုပြောပါတယ်။
၎င်းက “ လေတပ်မှာ Eurocoptre အမျိုးအစား ၃ မျိုးရှိပါတယ်။ မှော်ဘီလေတပ်စခန်းမှာ As 365 ရှာဖွေကယ် ဆယ်ရေးရဟတ်ယာဥ်၊ မကွေးမှာ H125 ရဟတ်ယာဥ်နဲ့ ရှမ်းတဲလေကြောင်းအတတ်သင် လေကြောင်းဌာနချုပ်မှာ EC 120/125 ကို H120 လို့လည်း ခေါ်တယ်ဗျ၊ EC 120/125 ကတော့ အမောင်းသင်သုံးတာများတယ်” ဟု ဆိုသည်။
၂၀၁၅ ခုနှစ်လောက်တွင် မြန်မာစစ်တပ်က ပြင်သစ်ထုတ် EC 120/125 ရဟတ်ယာဉ်အား စတင်အသုံးပြုခဲ့သည်ဟုလည်း လေတပ် CDM တပ်ကြပ်ကြီးက ပြောသည်။
လေ့ကျင့်ရေးတပ်မတော်ယာဉ် ၁ စီးသည် ယမန်နေ့ နံနက်တွင် လေ့ကျင့်ပျံသန်းနေစဉ် မိတ္ထီလာမြို့နယ်၊ ပြည်သာယာအနီးသို့အရောက်၌ ရုတ်တရက် စက်ချို့ယွင်းမှုဖြစ်ခဲ့သောကြောင့် မြေပြင်သို့အရေးပေါ်ဆင်းခဲ့ရသည်ဟု စစ်တပ်ထောက်ခံ သတင်းဌာနဖြစ်သည့် MRTV က ယမန်နေ့တွင်ထုတ်ပြန်သည်။
အဆိုပါရဟတ်ယာဥ်တွင် ယာဥ်မောင်း ၂ ဦးပါဝင်သည်ဟု သိရသည်။
ယခုပျက်ကျခဲ့သည့် ရဟတ်ယာဉ်သည် ၂၀၂၃ ခုနှစ် ဇွန်လ ၁၅ ရက်တွင် နေပြည်တော်၊ လယ်ဝေးမြို့အနီး
ပျက်ကျခဲ့သည့်ရဟတ်ယာဉ်အမျိုးအစားနှင့် တူတူပင် သည်။
အာဏာသိမ်းကာလအတွင်း တိုင်ရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် တော်လှန်ရေးပူးပေါင်းတပ်များက စစ်ကောင်စီ၏ လေယာဉ် ၇ စီး ပစ်ချနိုင်ခဲ့ပြီး စက်ချို့ယွင်းမှုကြောင့် ၂ စီးပျက်ကျခဲ့သည်။
ယခုလို လေယာဉ်ပျက်ကျမှုများလာပြီးနောက်ပိုင်း စစ်ကောင်စီက Y – 12 လေယာဉ်အမျိုးအစားအား ပိုမိုအသုံးပြုလာသည်ဟု မြေပြင်ရဲဘော်များထံက သိရသည်။
ပုံစာ – မိတ္ထီလာတွင် ယမန်နေ့ကပျက်ကျခဲ့သည့်လေယာဉ်အမျိုးအစား။
************
Telegram– > https://t.me/newstlk/4024
YouTube – > https://youtu.be/6X9AvN2FnIw?si=BGNM7eyxs7ZtJG7d
Website – > https://thanlwinkhet.net/?p=8733