ယမင်းဖူးပွင့်အောင်
ဇူလိုင် ၁၇၊ ၂၀၂၄
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ပေါ်တိုက်ပွဲများကြောင့် ကွတ်ခိုင်တွင် စစ်ရှောင်များတိုးလာပြီး ဆန်အကူအညီများ လိုအပ်နေသည်ဟု စစ်ရှောင်အရေးကူညီသူများထံက သိရသည်။
လွန်ခဲ့သည့် တစ်ပတ်ခန့်ကလည်း လားရှိုးဒေသခံ ၅၀ ကျော် ကွတ်ခိုင်မြို့သို့ စစ်ဘေးရှောင်လာကြပြီး နောက်ထပ်လည်း တိုးလာရန်ရှိသည့်အတွက် ဆန်ပြတ်လပ်မည်ကို စိုးရိမ်နေသည်ဟု KBC အသင်းတော်မှ စစ်ရှောင်ကူညီသူတစ်ဦးက ဆိုသည်။
“အခုကျွန်တော်တို့ ဆေးဝယ်မယ်ဆိုရင် လိုချင်တဲ့ဟာအကုန်မရှိဘူး။ မကြာခင်မှာတော့ ဆန်အခက်အခဲဖြစ်မယ်ထင်တယ်။ အခုက ဝင်တဲ့အပိုင်းက မရှိသလောက်ဖြစ်သွားတာလေ။ ရှိတဲ့ဆန်တွေလည်း ကုန်တော့မယ်ဆိုတော့။ သမုဒ္ဓရာ ဝမ်းတစ်ထွာဆိုတော့ အစားအသောက်က အဓိကပဲလေ။ နောက်လတွေဆိုရင်တော့ ဆန်ပြတ်နိုင်မယ်ထင်တယ်” ဟု ၎င်းက ဆိုသည်။
လက်ရှိတွင် ဒေသအသီးသီးမှ စစ်ဘေးရှောင် ၂၀၀ ခန့်ကို ကွတ်ခိုင်မြို့ရှိ KBC အသင်းတော်က သာသနာ့နယ်မြေများ တွင် လက်ခံကူညီပေးထားပြီး အချို့ကလည်းဆွေမျိုးနေအိမ်များတွင် နေထိုင်လျက်ရှိသည်ဟု ၎င်းက ဆက်ပြောသည်။
ထို့အပြင် လမ်းပန်းဆက်သွယ်ရေးအခက်အခဲကြောင့် ကုန်ဈေးနှုန်းများ မြင့်တက်နေပြီး ကုန်ပစ္စည်းပြတ်လပ်မှုများလည်းဖြစ်ပေါ်နေသည်ဟု ဒေသခံများထံက သိရသည်။
“တအားကြပ်တည်းနေတယ်။ ဆေးဝါးကအစ ဝယ်ယူမှုမှာ ဈေးတက်တာကတစ်မျိုး။ ပစ္စည်းမစုံတာက တစ်မျိုးပေါ့။ အဆမတန်ဈေးတက်သွားပြီ။ တော်တော်လေးတက်တယ်” ဟုပြောသည်။
လက်ရှိ မြို့ပေါ်တွင် ဆန်တစ်အိတ်ကို တစ်သိန်းရှစ်သောင်းကျပ်အထိပေးနေရပြီး လိုသလောက် မဝယ်ယူနိုင်သည့်အခြေအနေဖြစ်နေသည်ဟု ဒေသခံများထံက သိရသည်။
ပြီးခဲ့သည့် ဇူလိုင် ပထမအပတ်မှစတင်ကာ လားရှိုးမြို့တွင် မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်- MNDAA နှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲပြင်းထန်နေပြီး အဓိကလမ်းမကြီးများ ပိတ်ထားသည့်အတွက် တော လမ်းများကသာသွားလာနေရခြင်းကြောင့် ကုန်ပစ္စည်းများလိုအပ်သလောက် မသယ်ယူနိုင်ခြင်းဖြစ်နေသည်ဟု ဒေသခံများထံက သိရသည်။
ပုံစာ-ကွတ်ခိုင်မြို့လမ်းပိုင်းတစ်နေရာ။ ဓာတ်ပုံ-သံလွင်ခက်။