ပုဏ္ဏားကျွန်းနှင့် ပေါက်တောကို စစ်ကောင်စီ ဗုံးကြဲ၊ ၁၀ နှစ်အရွယ် ကလေးငယ်တစ်ဦးသေဆုံးပြီး ၅ ဦး ဒဏ်ရရ
*******************
ခင်သရဖီဦး
ဇွန် ၁၊၂၀၂၄။
ရခိုင်ပြည်နယ် ၊ ပုဏ္ဏားကျွန်းမြို့နယ်နှင့် ပေါက်တောမြို့နယ်များရှိ ကျေးရွာ တချို့အား ယနေ့ နံနက် ၁၀ နာရီ ခန့်တွင် စစ်ကောင်စီ တပ်က လေကြောင်း ဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့သည့်အတွက် ၁၀ နှစ်အရွယ် ကလေးငယ်တစ်ဦးသေဆုံးခဲ့ပြီး ၅ဦး ထိခိုက်ဒဏ်ရရှိခဲ့သည်ဟု ဒေသခံများထံက သိရသည်။
ပေါက်တောမြို့နယ်၊ သဲခုံကျေးရွာ၊ ကြိမ်ခွေမော်ကျေးရွာနှင့်ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးတရုတ်ကျေးရွာတို့အား စစ်ကောင်စီတပ်က Y12 လေယာဥ် ၊ ဒရုန်းတို့ဖြင့် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ထိုသို့ ပစ်ခတ်ခဲ့သည့်အတွက် ယိုးတရုပ်ရွာက ကလေးငယ်တစ်ဦးသေဆုံးပြီး ၃ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများထံက သိရသည်။
ယိုးတရုတ်ကျေးရွာသားတစ်ဦးက ” လေယာဥ်က နှစ်ခေါက် လာပစ်တာပါ။ ဆေးရုံးအနီးအနားအိမ်က ကလေးငယ်တစ်ဦးသေးတယ်။ ဒဏ်ရာက ၃ယောက်ရသွားတယ်။ ” ဟု ဆိုသည်။
သေဆုံးသူသည် မောင်ကျော်လွင် အသက် ၁၀ နှစ်ဖြစ်ပြီး၊ ဒဏ်ရာရရှိသူများသည် သေဆုံးခဲ့သည့် မောင်ကျော်လွင်၏ မိခင် ဒေါ်အေးနု အသက် ၄၃ နှစ်၊ စုမြတ်ဦး အသက် ၁၄ နှစ်နှင့် မအေးအေးဖြူ အသက် ၂၁ နှစ်တို့ ဖြစ်ကြသည်။
ဒဏ်ရာရရှိသူများသည်လည်း အသက်အန္တရာယ် စိုးရိမ်ရသည်ဟု သိရသည်။
ထို့အပြင် ပေါက်တောမြို့နယ် ကြိမ်ခွေမော်ရွာက ဒေသခံ နှစ်ဦးလည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု ပေါက်တောဒေသခံတစ်ဦးက ဆိုသည်။
၎င်းက ” လေယာဥ်နဲ့ ရွာစဥ်လျှောက်ပြီး ချသွားတယ်။ ဒဏ်ရာရတဲ့ လူတွေရှိတယ်။ အခုတော့ နီးစပ် ဆေးခန်းတွေ ပို့ထားပါတယ်။ “ဟု ဆိုသည်။
ဒဏ်ရာရရှိသူများသည် ကိုထွန်းဝင်းချေ ၂၉ နှစ်နှင့် ဦးကျော်သံသာ ၅၉ နှစ်တို့ ဖြစ်ကြသည်။
စစ်ကောင်စီတပ်အနေဖြင့် AA ထိန်းချုပ်ရာ နယ်မြေများရှိ မြို့နယ်များအား နေ့စဥ်ကဲ့သို့ လေကြောင်း တိုက်ခိုက်မှုများပြုလုပ်နေခြင်းဖြစ်သည်။
Photo – ABN